နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၅၀ ရာခိုင်နှုန်းသာ ဖြန့်ဖြူးနိုင်
RFA Burmese
2024.05.01
2024.05.01
Updated 10:31 AM May 2, 2024
နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၅၀ ရာခိုင်နှုန်းကိုသာ ဖြည့်ဆည်းပေးထားနိုင်တယ်လို့ စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ မေလ ၁ ရက် မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဓာတ်အားပေးစက်ရုံတွေရဲ့ စုစုပေါင်း စက်တပ်ဆင်အားက မဂ္ဂါဝပ် ၇၂၀၀ နီးပါးရှိပေမယ့် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတွေနဲ့ သဘာဝဓာတ်ငွေ့သုံး စက်ရုံတွေရဲ့ ဓာတ်အားထုတ်လုပ်နိုင်မှု လျော့နည်းလာတာကြောင့် စွမ်းအားပြည့် မလည်ပတ်နိုင်တာလို့ ဆိုပါတယ်။
အခုတော့ တစ်ရက်ကို ပျမ်းမျှ ၂၈၀၀ မဂ္ဂါဝပ်ပဲ ထုတ်လုပ်နိုင်ပြီး နိုင်ငံတစ်ဝန်း ဓာတ်အားလိုအပ်ချက်က ၅၅၀၀ မဂ္ဂါဝပ်ခန့် ရှိပါတယ်။
ဒီအတွက် ရန်ကုန်ကို ၄၆ ရာခိုင်နှုန်း၊ မန္တလေးကို ၁၆ ရာခိုင်နှုန်းနဲ့ တိုင်းနဲ့ ပြည်နယ်တွေကို ၃၈ ရာခိုင်နှုန်း အချိုးကျ ခွဲဝေထားတယ်လို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ဦးကတော့ လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်နေလို့ လူမှုစီးပွားတွေပါ ထိခိုက်လာတယ်လို့ RFA ကို ပြောပါတယ်။
“မီးက ပေးနေတဲ့အချိန် မမှန်တော့ အလုပ်လုပ်ရတာလည်း အဆင်မပြေဘူး။ မီးပြတ်သွားရင်လည်း အချိန်အကြာကြီး ပြတ်သွားတယ်။ လျှပ်စစ်မီးနဲ့ အလုပ်လုပ်နေရသူတွေကျတော့ ဒါက လုပ်ငန်းထိခိုက်လာတာမျိုးဖြစ်တယ်”
ဒီအတောအတွင်းမှာ စည်းကမ်းမလိုက်နာတဲ့ မီတာအလုံးရေ လေးသိန်းကျော်ကို ဓာတ်အားဖြတ်တောက်ခဲ့သလို မီတာအလုံး ခြောက်သောင်းကျော်ကိုလည်း ဖြုတ်သိမ်းခဲ့တယ်လို့ဆို စစ်ကောင်စီ လျှပ်စစ်စွမ်အားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာပါရှိပါတယ်။ စည်းကမ်းမလိုက်နာဘူး ဆိုတာနဲ့ပတ်သက်လို့ တိတိကျကျပြောဆိုထားတာ မတွေ့ရပါဘူး။ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီ လက်အောက်မှာ မီတာခမဆောင်တဲ့ လှုပ်ရှားမှုရှိခဲ့ပြီး အဲဒီမှာပါဝင်ခဲ့တဲ့အိမ်တွေက မီတာပုံးတွေ ဖြုတ်သိမ်းတဲ့ဖြစ်ရပ်တွေတော့ ရှိခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံတစ်ဝန်း ဓာတ်အားပို့လွှတ်နေတဲ့ ၂၃၀ ကေဗီနဲ့ ၁၃၂ ကေဗီ ဓာတ်အားလိုင်းတွေ ဖျက်ဆီးခံထားရပြီး တာဝါတိုင် ၈၉ တိုင်နဲ့ ဓာတ်အားခွဲရုံကြီး ငါးရုံက ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတာကြောင့်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်နေတာလို့ ဆိုပါတယ်။
နိုင်ငံတစ်ဝန်းမှာ လျှပ်စစ်ဓာတ်အားပေးနေတဲ့ ရေအားလျှပ်စစ် စက်ရုံ ၂၉ ရုံ၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၇ ရုံ၊ ကျောက်မီးသွေးသုံးစက်ရုံ နှစ်ရုံ၊ နေရောင်ခြည် စွမ်းအင်သုံးစက်ရုံ ခြောက်ရုံကနေ နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေတာပါ။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုဒဏ်ကို ပြည်သူတွေ ဆိုးဆိုးဝါးဝါး ကြုံတွေ့နေကြရတာလည်း ဖြစ်ပါတယ်။