Eleven Media Group ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်အတွက် ငွေလှူဒါန်း
2012.09.26
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၆ ရက်က Eleven Media Group က ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထံ ငွေပေးအပ် လှူဒါန်းနေစဉ်။
RSF က Eleven Media ကို ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး သတင်းမီဒီယာဆုအဖြစ် ယူရိုငွေ ၂၅၀၀ ခြီးမြှင့်ခဲ့ပါတယ်။
Eleven Media အုပ်စုကထုတ်ဝေတဲ့ Weekly Eleven သတင်းဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးက သူတို့အနေနဲ့ အဲဒီဆုငွေကို ပြည်သူတွေအတွက် လှူဒါန်းဖို့ ရှေးမဆွကပင် ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း RFA ကိုပြောပါတယ်။
"RSF ကနေပြီးတော့ ၂၀၁၁ အတွက် ကျွန်တော်တို့ကို သတင်းစာအတွက် အကောင်းဆုံးအဖြစ် ကျွန်တော်တို့ မီဒီယာကိုရွေးပါတယ်။ အဲဒီဆုပေးပွဲကို သွားတက်ပြီး ဆုယူခဲ့ပါတယ်။ ဒါပေမဲ့ ဆုငွေကို ကျွန်တော်တို့ ယူမလာပါဘူး။ အဲဒီတုန်းက ကျွန်တော် တို့ သူတို့ကို မှာခဲ့ပါတယ်။ ရရှိတဲ့ ဆုကြေးငွေကို မြန်မာ့နိုင်ငံအရေး တွက်သော်လည်းကောင်း၊ တစ်ခုခုပေါ့နော်။ ကိစ္စရပ်တွေမှာ ပြန်လည် လှူပါမယ်လို့ ကျွန်တော်တို့ သူတို့ကိုပြောခဲ့ပါတယ်။ အခုသူတို့ ရန်ကုန်ကို ရောက်လာတဲ့အချိန်မှာ ဆုကြေးငွေတွေ ယူလာပါတယ်။ အဲဒီရတဲ့ ဆုကြေးငွေကို ကချင်ပြည်နယ်မှာရှိတဲ့ စစ်ပြေး ဒုက္ခရောက်နေသူတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတဆင့် လှူလိုက်တာပါ"
လှူဒါန်းငွေတွေကို Eleven Media Group ဦးဆောင်ညွန်ကြားရေးမှူး ဒေါက်တာသိန်းမြင့်က ပေးအပ်ပြီး NLD နာယက ဦၤးတင်ဦးက လက်ခံယူခဲ့ပါတယ်။ မြန်မာကျပ်ငွေ ၂၆ သိန်း ၅သောင်းရှိတဲ့ အဲဒီလှူဒါန်းငွေတွေကို ကချင်ပြည်နယ်တွင်းက စစ်ပြေးဒုက္ခသည်တွေအတွက် NLD လူမှုအထောက်အကူပြုအဖွဲ့က ဆက်လက်လှူဒါန်းသွားမယ်လို့ သိရပါတယ်။









