မန္တလေးမြို့က စျေးချိုတော်နဲ့ ခရိုင်တရားရုံးတို့မှာ မေလ ၂၂ ရက် ဒီနေ့ ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့တယ်လို့ မန္တလေးမြို့ဒေသခံတွေက ပြောပါတယ်။
ပေါက်ကွဲမှုနှစ်နေရာလုံးမှာ ထိခိုက်ပျက်စီးတာတွေမရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လို တဲ့ ဒေသခံ တစ်ယောက်က RFA ကို ပြောပါတယ်။
"မနက်အစောပိုင်းက ခရိုင်တရားရုံး ပေါက်တယ်။ အဆောက်အအုံထဲတော့ မဟုတ်ဘူး၊ နေ့ခင်းပိုင်းမှာ စျေးချိုတော်က ထိုးမုန့်တန်းနားမှာ ပေါက်တာ၊ အထိအခိုက်တော့ မရှိဘူး"
အဲဒီပေါက်ကွဲမှုတွေကြောင့် ထိခိုက်ပျက်စီးတာတွေ မရှိသလို အဖမ်းခံလိုက်ရတာတွေ လည်း မရှိဘူးလို့ ပြောကြပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာပြီး လမ်းမတွေပေါ်နဲ့ အနီးပတ်ဝန်းကျင်တွေမှာ စစ်ဆေးတာတွေတော့ရှိတယ်လို့ ဆိုပါတယ်။
ဒီပေါက်ကွဲမှုတွေနဲ့ပတ်သက်လို့ ဘယ်အဖွဲ့စည်းတွေက လုပ်တယ်ဆိုတာကိုတော့ အခုအချိန်ထိ ထုတ်ပြန်ထားတာ မရှိသေးသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ဒီကနေ့ မန္တလေးမြို့က ရွှေမန်းတောင် အားကစားကွင်းမှာလည်း တပ်မတော်ရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုထောက်ခံပွဲကို ကျင်းပနေပြီး မန္တလေးမြို့က နေရာအနှံ့ မှာလည်း စစ်ကောင်စီတပ်တွေ လုံခြုံရေး တင်းကျပ်စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။