တရားမဝင် ငွေကြေးစီးဆင်းမှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ တိုးတက်မှုမရှိတဲ့အတွက် မြန်မာနိုင်ငံကို Black list လို့ခေါ်တဲ့ "အမည်ပျက်" စာရင်းသွင်းလိုက်ကြောင်း နိုင်ငံတကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (Financial Action Task Force-FATF) က အောက်တိုဘာလ ၂၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံဟာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ဆောင်မှုတွေ အားနည်းနေတဲ့အပေါ် ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တယ်လို့ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဒီနေ့ကျင်းပတဲ့ အစည်းအဝေးမှာ FATF အဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။
ငွေကြေးခဝါချမှု အမည်ပျက်စာရင်း သွင်းခံထားရတဲ့နိုင်ငံစာရင်းမှာ အီရန်၊ မြောက်ကိုရီးယားတို့နဲ့အတူ မြန်မာနိုင်ငံက တတိယမြောက်နိုင်ငံ ဖြစ်လာတာပါ။
မြန်မာနိုင်ငံနဲ့ စီးပွားရေး ငွေကြေးကိစ္စတွေမှာ အထူးသတိပြု စိစစ်ဆောင်ရွက်ကြဖို့လည်း အဖွဲ့ဝင်နိုင်ငံတွေကို FATF အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
ဒါပေမဲ့ ဒီလိုဆောင်ရွက်ရာမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေကိုတော့ မထိခိုက်စေရဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ နာမည်ပျက်စာရင်းထဲမှာရှိနေရာကနေ NLD အစိုးရ တက်လာချိန် ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ စောင့်ကြည့်စာရင်းထဲ ပြောင်းခဲ့ပါတယ်။
ဒါပေမဲ့ အခု စစ်တပ်အာဏာသိမ်းပြီးနောက် နောက်တစ်ကြိမ် အမည်ပျက်စာရင်းထဲ ပြန်ရောက်ရတာ ဖြစ်ပါတယ်။
နာမည်ပျက်စာရင်းထဲ ထည့်ခံရတဲ့အတွက် မြန်မာနိုင်ငံနဲ့ဆက်စပ်နေတဲ့ ငွေကြေးလွှဲပြောင်းမှုတွေလုပ်ဖို့ အလွန်ခက်ခဲသွားမှာဖြစ်သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ဖို့ ခက်ခဲသွားမယ်လို့ Nikkei Asia က သုံးသပ်ဖော်ပြထားပါတယ်။