စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်မှာ စက်တင်ဘာ ၈ ရက် မနေ့ကစလို့ စစ်ကောင်စီတပ် တွေနဲ့ PDF အဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေတာကြောင့် ကျေးရွာ ခုနစ်ရွာက ဒေသခံ ၃၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"မူလဲ၊ စင်လောင်၊ ပန်းခူး၊ ဟဲသတ် အဲနားက ရွာတွေက ထွက်ပြေးကြရတာ။ ရွာပေါင်း ခုနစ်ရွာလောက်ပြေးရ တယ်။ လူဦးရေက ၃၀၀၀ ကျော်လောက်တော့ရှိမယ်။ လောလောဆယ်က တောတွေမှာ ပြေးနေကြတယ်"လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲတွေဟာ ဒီနေ့ညနေအထိ ပြင်းထန်နေဆဲဖြစ်တယ်လို့ ပင်လည်ဘူး PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ဒီနေ့ကလည်း မနေ့က လေယာဉ်နဲ့ပစ်တဲ့ အနီးနားမှာတော့ တိုက်ပွဲတွေတော့ ဆက်ရှိနေဆဲပါဗျ။ လက်နက်ကြီးတွေနဲ့ ပစ်နေကြတယ်။ မနေ့က ၁၁ ခွဲ၊ ၁၂ ဝန်းကျင်မှာ လာပစ်တယ်။ မနေ့က ပင်လည်ဘူးနဲ့ ၁၀ မိုင် လောက်အကွာ ဟဲသတ်နဲ့ ပန်းခူးဘက်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်တယ်ဗျ။ ကျနော်တို့ ဘက်ကလည်း သုံးယောက်ထိတယ်။ တစ်ယောက်က လက်နက်ကြီး ခေါင်းရှပ်ထိတာ။ တစ်ယောက်က စစ်ကောင်စီရဲ့ နင်းမိုင်းမိလို့ ခြေတစ်ဖက်ထိသွားတာပေါ့။ ဒဏ်ရာတော့ မပြင်းထန်ဘူး။ အပေါ်ကလည်း လေယာဉ်နဲ့ ပစ်တယ်။ အောက်ကလည်း လက်နက်ကြီးနဲ့ထုတယ် အဲချိန်ထိတယ်။ တစ်ယောက်က လက်မောင်းမှာရှပ်ထိတာ”
မနေ့ကတိုက်ပွဲမှာ စစ်ကောင်စီတပ်က ရုရှားနိုင်ငံက ဝယ်ယူထားတဲ့ Mi 35 အမျိုးအစား တိုက်ခိုက်ရေး စစ်ရဟတ်ယာဉ်နှစ်စင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့သလို စစ်သားအင်အားတွေ လည်း လာချသွားတယ်လို့ သူက ပြောပါတယ်။
ဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
စက်တင်ဘာ ၇ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်သားအင်အားပါ လာချသွားတဲ့အတွက် ဇီးကနား၊ နှောကုန်း၊ လျှော်ဖြူ ကုန်း စတဲ့ ကျေးရွာတွေက ဒေသခံ ၄၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။