တပ်မဟာ ၄၄ နည်းဗျူဟာမှူးကို ကော်ဘရာစစ်ကြောင်းပစ်သတ်

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေထဲမှာ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီရဲ့ တပ်မ ၄၄ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ပြောပါတယ်။

"ဒီနေ့မနက် ၉ နာရီခွဲလောက်တိုက်ပွဲမှာ ကော်ဘရာစစ်ကြောင်းက လက်ဖြောင့်တပ်သားတစ်ဦး ပစ်ခတ်လိုက်တဲ့ ကျည်ကြောင့် သူတို့ဘက်(စစ်ကောင်စီ)က ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦး ကျဆုံးခဲ့တာ" လို့ ကော်ဘရာစစ်ကြောင်း ပြောခွင့်ရှိသူ ကိုမျိုးသူရကိုကိုက RFA ကို ပြောပါတယ်။

KNU တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ မြဝတီ - ဝေါလ်လေ ကားလမ်းမှာ စစ်ကောင်စီဘက်က တပ်မ ၄၄ လက်အောက်ခံ နည်းဗျူဟာ ၄၄၁ လက်အောက်က တပ်ရင်းသုံးရင်း ကျူးကျော်ထိုးစစ်ဆင်နေတာ သုံးလနီးပါး ရှိနေပြီလို့လည်း ပြောပါတယ်။

KNU တပ်မဟာ ၆ နယ်မြေ နှစ်နေရာမှာ ဒီနေ့ တိုက်ပွဲဖြစ်ခဲ့ပြီး ကော်ဘရာစစ်ကြောင်းက ထိခိုက် ဒဏ်ရာရတာ မရှိပေမဲ့ စစ်ကောင်စီဘက်က ဗိုလ်မှူးကြီး ဝင်းမင်းဦး အပါအဝင် တပ်သားတစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ဗိုလ်မှူးကြီး ဝင်းမင်းဦးပစ်သတ်ခံရတာနဲ့ အဲဒီဘက်ကတိုက်ပွဲ အခြေအနေတွေကို ထုတ်ပြန်တာ မရှိသေးပါဘူး။

နည်းဗျူဟာမှူး သေဆုံးသွားတဲ့အတွက် စုံစည်းမြိုင်နဲ့ ကျော့ဝါးဘိုးကုန်း တွေကနေ စစ်ကောင်စီဘက်က ၁၂၀ မမ နဲ့ လေးလုံးတွဲ MMRS လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် နေတယ်လို့လည်း ကော်ဘရာစစ်ကြောင်း ပြောခွင့်ရှိသူက ပြောပါတယ်။