ငလျင်ဘေး ဖြစ်လာတဲ့အခါ အချိန်နဲ့ တစ်ပြေးညီ ရှာဖွေကယ်ဆယ်နိုင်ဖို့ ငလျင်သရုပ်ပြ လေ့ကျင့်ခန်းကို ဧရာဝတီတိုင်း မီးသတ်ဦးစီးဌာနက ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
ငလျင်ဖြစ်ပွားမှုတွေက စိပ်လာတာကို စိုးရိမ်လို့ ငလျင်ဇာတ်တိုက် သရုပ်ပြတာတွေ လုပ်နေတာလို့ ဧရာဝတီတိုင်း မီးသတ်ဦးစီးဌာနမှူး ဦးအောင်ဆွေဝင်း က ပြောပါတယ်။
"ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်ကလည်း ပြီးခဲ့တဲ့ မှတ်တမ်းတွေကို လေ့လာပြီးတော့ ပြီးခဲ့တဲ့နှစ်တွေမှာ အကြိမ်တစ်ရာလောက်အထိ ဖြစ်လာတယ်ပေါ့နော်။ စိပ်လာတဲ့အခါ မှာ ကျွန်တော်တို့ ညွှန်ကြားရေးမှူးချုပ်က စိုးရိမ်တယ်။ စိုးရိမ်တဲ့အတွက် ကျနော်တို့ တပ်ဖွဲ့ တွေက တကယ်ဖြစ်လာတဲ့အခါမှာ အချိန်နဲ့ တစ်ပြေးညီ ဆောင်ရွက်နိုင်ဖို့အတွက် ဇာတ်တိုက်လေ့ကျင့်ခန်းတွေ လုပ်ကြပါလို့ တွန်းအားပေးပြီး ညွှန်ကြားပါတယ်။ အဲဒီအပေါ်မှာ တစ်နိုင်ငံလုံးက မီးသတ်တပ်ဖွဲ့ဝင်တွေက လိုက်လံဆောင်ရွက်ပြီးတော့ အကောင်အထည်ဖော်ခြင်း ဖြစ်ပါတယ်။"
မြန်မာနိုင်ငံမှာ ငလျင်ဖြစ်ပွားမှုအနေနဲ့ ၂၀၁၆ ခုနှစ်မှာ ၃၉ ကြိမ် ဖြစ်ပွားခဲ့ရာကနေ ၂၀၁၇ ခုနှစ်မှာ ၆၆ ကြိမ်၊ ၂၀၁၈ ခုနှစ်မှာ ၁၄၇ ကြိမ်၊ ၂၀၁၉ ခုနှစ်မှာ ၉၂ ကြိမ်နဲ့ နှစ်အလိုက်တိုးလာခဲ့တာပါ။
၂၀၁၉ ခုနှစ် ဖြစ်ပွားမှုတွေအရ စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပွားခဲ့ပြီး ဧရာဝတီတိုင်းမှာလည်း ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
ငလျင်ကယ်ဆယ်ရေးလေ့ကျင့်ရာမှာ ဘေးအန္တရာယ်ထိခိုက်တဲ့ ဧရိယာ၊ ဘေးအန္တရာယ် ဖြစ်ပွားနိုင်တဲ့ အခြေအနေ၊ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကို ရှာဖွေကယ်ဆယ်တာ၊ ပိတ်မိနေတဲ့ လူနာတွေ မကျန်ခဲ့စေဖို့ အပျက်အစီးတွေကို ရှင်းလင်းရှာဖွေ ကယ်ဆယ်တာတွေကို အဆင့်လိုက် ဆောင်ရွက်ခဲ့တာပါ။
ဧရာဝတီတိုင်းအတွင်းမှာ ၂၀၂၀ ခုနှစ်အတွင်း မီးလောင်မှု ၁၈၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး၂၇၈ သန်းကျော် ရှိခဲ့တယ်လို့လည်း တိုင်းမီးသတ်ဦးစီးဌာနရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။