မြောင်မြို့နယ်မှာ လက်နက်ကြီးကျည်ထိမှန်လို့ အရပ်သားငါးဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ရွှေပေါက်ပင်ရွာက အရပ်သားတွေ ဧရာဝတီမြစ်ကို စက်လှေနဲ့ ဖြတ်နေတုန်း အောက်တိုဘာလ ၂၂ ရက် ဒီကနေ့ မနက် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ငါးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီမြစ်ကမ်းဘေးက ရွှေပေါက်ပင်ရွာကို ဒီနေ့မနက် ၄ နာရီခွဲမှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးခဲ့ရပါတယ်။

အဲ့ဒီအချိန်မှာ ဧရာဝတီမြစ်ကိုဖြတ်ကူးနေတဲ့ ဒေသခံတွေရဲ့စက်လှေပေါ်ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မနက် ၄ နာရီခွဲကစပြီး လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်ပြီးတော့ ဝင်ရောက် စီးနင်းပါတယ်။ အပြစ်မဲ့ပြည်သူ ငါးဦး စီးတဲ့လှေပေါ် လက်နက်ကြီးကျပြီးတော့ ငါးဦးသေတယ်။ အခုလည်း စတင်ပြီး မီးရှို့နေပြီ"

စစ်ကောင်စီတပ်တွေ ကျေးရွာအတွင်း ဝင်ရောက်စီးနင်းလို့ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတဲ့ ရွှေပေါက်ပင်ရွာက ဒေသခံ ၈၀၀ ခန့်က ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူက ပြောပါတယ်။

သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ RFA က သီးခြားအတည် မပြုနိုင်သေးပါဘူး။

ဒီနေ့မနက်မှာပဲ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်စခန်းကနေ နနွန်းကိုင်း၊ ဆူးလေကုန်းနဲ့ သနပ်ကုန်းရွာတွေကိုလည်း စစ်ကောင်စီတပ်တွေ ဝင်ရောက် စီးနင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေအတွင်း ဝင်ရောက်စီးနင်းလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဒီကနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ကုသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၁ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း မလုံခြုံမှုနဲ့ ပဋိပက္ခ တွေကြောင့် အရပ်သား ၅၄၅,၂၀၀ ဦး အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။