ဘုတလင်မြို့တိုက်ပွဲ ကာကွယ်ရေးအဖွဲ့ဝင် ငါးဦးသေဆုံးပြီး ဒေသခံ ၂၀ ကျော် အဖမ်းခံရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ပဲပြစ်တော အရှေ့ရွာအနီးမှာ စက်တင်ဘာလ ၁၃ ရက် ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ပေါင်းစုအဖွဲ့တွေ တိုက်ပွဲဖြစ် ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်က ငါးဦးသေဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အင်အား ၈၀ လောက်ပါဝင်တဲ့ တပ်မ ၃၃ စစ်ကြောင်းဟာ ပဲပြစ်တောအရှေ့ရွာက အမျိုး သမီး အများစုအပါအဝင် ဒေသခံ ၂၀ ကျော်လောက်ကို ဖမ်းဆီးသွားသလို နေအိမ်ငါးလုံးကို ပါ မီးရှို့သွားတယ်လို့ ဆိုပါတယ်။

မထင်မှတ်ဘဲ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး အသက် ၂၀ ကျော်အရွယ်တွေ အများဆုံးသေဆုံး ခဲ့တယ်လို့ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“စစ်ကြောင်းလာမယ်ဆိုတာကို သတင်းရလိုက်လို့ စောင့်နေတဲ့အချိန်မှာ တောင်ဘက်က မလာဘဲ မြောက်ဘက်ကနေ ပတ်ဝင်လာလိုက်တော့ မထင်မှတ်ဘဲ အငိုက်မိသွားတာ။ တိုက်ပွဲဖြစ်ပွားချိန်ကလည်း သိပ်မကြာလိုက်ဘူး။ ၁၀ မိနစ်လောက်ဖြစ်လိုက်တယ်”

သေဆုံးတဲ့အထဲမှာ အသက် (၃၀) ဝန်းကျင်အရွယ် ကိုထွန်းနဲ့ အသက် (၂၀) ခန့်အရွယ် ကိုဖက်တီးတို့ကိုပဲ တိတိကျကျသိရပြီး ကျန်တဲ့သေဆုံးသူတွေရဲ့ အမည်တွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ ချောင်းမီးတိုရွာဘက်ကို ထွက်ခွာသွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီ ဘက်ကလည်း သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာကြောင့် မုံရွာ- ဘုတလင် - ရေဦးလမ်းပိုင်းက နတ်ရွာ၊ တက်လှိုင်း၊ ပဲပြစ်တော အရှေ့ရွာနဲ့ အနောက်ရွာ၊ မြင်သာ အပါအဝင် ရွာပေါင်း ငါးရွာလောက်က ဒေသခံ တစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုတလင်မြို့နယ်ဟာ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့ဒေသဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းထိုး လာရင် ဖုန်းလိုင်းတွေပါ ဖြတ်တောက်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။