အဖမ်းခံထားရတဲ့ လောင်းလုံး ဒေသခံတွေထဲက ငါးဦး ထားဝယ်ထောင်က ပြန်လွတ်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လကတည်းက အဖမ်းခံထားရတဲ့ ဒေသခံ ၄၀ ဝန်းကျင်ထဲက ငါးဦးကို ထားဝယ်အကျဉ်းထောင် ထောင်တွင်းတရားရုံးကနေ စက်တင်ဘာလက ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အတွင်း ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ဒီကနေ့ ပြောပါတယ်။

အပြစ်မရှိတာကြောင့် ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး အဲဒီအထဲမှာ အမျိုးသားလေးဦးနဲ့ အမျိုးသမီးတစ်ဦး ပါဝင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ ညနေပိုင်းကစပြီး လောင်းလုံးမြို့ပေါ်နဲ့ အနီးပတ်ဝန်းကျင်ရွာ တွေက ဒေသခံတွေကို အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေမှာ ပါဝင်ကူညီတယ်လို့ စစ်ကောင်စီတပ်သားတွေက စွပ်စွဲပြီး ဖမ်းသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအထဲကမှ ငါးဦးကို ပြန်လွှတ်လာတာဖြစ်ပြီး ကျန်တဲ့သူတွေကိုတော့ ထားဝယ်ထောင် မှာ ပဲ ဆက်လက် ချုပ်နှောင်ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လောင်းလုံး ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အဲဒါ လောင်းလုံးကလူတွေ ထားဝယ်အကျဉ်းထောင်ကနေ ပြန်လွှတ်တာ။ သူတို့က မြို့ပေါ်ကလူတွေလေ။ ခြောက်လပိုင်း သူတို့ လောင်းလုံးကို လာမွှေတုန်းက မြို့ပေါ် လူတွေ အများကြီး ဖမ်းခံလိုက်ရတယ်။ အဲတုန်းက ဖမ်းခံရသူတွေကို ထားဝယ် အကျဉ်းထောင် ခေါ်သွားတာပေါ့။ အခုက သူတို့ တရားစွဲတာ အပြစ်မရှိဘူးဆိုပြီး ပြန်လွှတ်လိုက်တယ်လို့ ပြောတယ်"

အဖမ်းခံရတဲ့အထဲမှာ လောင်းလုံးမြို့ပေါ်က ၂၀ ကျော်အပါအဝင် အနီးအနားရွာတွေက ဒေသခံ ၄၀ ဝန်းကျင်ရှိပြီး ဘာအမှုတွေနဲ့ တရားစွဲထားလဲဆိုတာတော့ အတိအကျမသိဘူး လို့ ဒေသခံက ဆိုပါတယ်။

အဲဒီအထဲမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်တဲ့ ကျောင်းဆရာမတစ်ဦးလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထားဝယ် နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့အထိရရှိတဲ့ စာရင်းတွေအရ ထားဝယ်အကျဉ်းထောင်ကနေ အမိန့်ချမှတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား အမျိုးသား ၂၀၁ ဦးနဲ့ အမျိုးသမီး ၄၂ ဦးရှိတယ်လို့ သြဂုတ်လ ၂၇ ရက်နေ့နဲ့ စက်တင်ဘာလ ၅ ရက်နေ့တွေက ဖော်ပြထားပါတယ်။