စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ မြို့မရဲစခန်းအချုပ်ကနေ အောက်တိုဘာလ ၁၇ ရက်နေ့က ထွက်ပြေးသွားသူ ၁၄ ဦးထဲက ငါးဦးကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးမိပြီး ဖမ်းဆီးခံရသူတွေထဲက အသက် ၂၅ နှစ်အရွယ် ကိုအားပုံဆိုသူဟာ ၁၈ ရက်နေ့မှာ သေဆုံးသွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
"အချုပ်မှာ စစ်ဆေးနေတုန်း ဆုံးသွားတာပဲ။ ရဲဘက်ကတော့အဖျားကြောင့် ဆုံးတယ်ပြောတယ်။ အသေးစိတ်တော့ မသိရသေးဘူး။" လို့ ခန္တီးမြို့ခံ တစ်ဦးက RFA ကိုပြောပါတယ်။
အချုပ်ခန်းကနေ ထွက်ပြေးသွားသူ ၁၄ ဦးထဲက သေဆုံးသူ ကိုအားပုံအပြင် ၊ ဦးသီဟဇော်၊ ဦးနေလင်းအောင်၊ ဦးဘရန်မိုင်၊ ဦးဒန်လီအောင် တို့ပြန်လည်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
သူတို့ထွက်ပြေးစဉ်က ၇.၆၂ ကျည် နှစ်တောင့်ထည့်ထားတဲ့ BA 63 သေနတ် တစ်လက်ပါသွားတယ်လို့ ခန္တီးရဲတပ်ဖွဲ့ထံကနေ သိရပါတယ်။
အချုပ်သားတွေ ထွက်ပြေးသွားတာကြောင့် ခန္တီးမြို့မှာ လုံခြုံရေးကို တင်းကျပ်ထားပြီး လမ်းသွားလမ်းလာတွေကိုလည်း စစ်ဆေးမေးမြန်း တာတွေ ဆောင်ရွက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။