မော်လမြိုင်မှာ PDF ငါးဦးအဖမ်းခံရတယ်လို့ SUMF အဖွဲ့ပြော

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဇေယျာသီရိရပ်ကွက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ နေထိုင်တဲ့အိမ်ကို နိုဝင်ဘာလ ၁၄ ရက် မနေ့ညနေပိုင်း စစ်ကောင်စီတပ်သားတွေ စစ်ဆေးရာကနေ နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် PDF ငါးဦး ဖမ်းဆီးခံလိုက်ရတယ်လို့ အထူးမြေအောက်လှုပ်ရှားမှု အင်အားစု (SUMF) က RFA ကို ပြောပါတယ်။

မနေ့ ညနေ ၅ နာရီခွဲဝန်းကျင်မှာ ဇေယျာသီရိရပ်ကွက်၊ ဇေယျာ (၃) လမ်းက အထူးမြေအောက်လှုပ်ရှားမှု အင်အားစု (SUMF) တပ်ဖွဲ့ဝင်တွေ နေထိုင်တဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဘက်က အရပ်ဝတ်၊ ရဲ၊ စစ်သားတွေနဲ့ ဝင်ရောက်စစ်ဆေးရာကနေ ပစ်ခတ်မှုဖြစ်ခဲ့တာပါ။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီးနောက် SUMF အဖွဲ့ဝင် အမျိုးသားလေးဦးနဲ့ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ SUMF အဖွဲ့ဝင်တစ်ဦးက RFA ကို အတည်ပြုပါတယ်။

"အိမ်ကို ဒလန်သတင်းပေးချက်အရ ဝင်စီးတယ်။ ကျနော်တို့ဘက်က ခုခံပြန်ပစ်တာတွေရှိတယ်။ တိုက်ခန်းမှာရှိတဲ့သူတွေကို သူတို့က ဆင်းခိုင်းတယ်။ အထဲမှာတော့ ကျနော်တို့ရဲဘော်တွေပဲ ကျန်တယ်။ အဲဒီလိုကနေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ကြတာဗျ။ ကျား လေးယောက်၊ မ တစ်ယောက် စုစုပေါင်းငါးယောက် ဖမ်းခံရပါတယ်"

အဲဒီနေအိမ်ကို ညနေပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ သားအပါအဝင် ရဲကားနဲ့ အိမ်စီးကားသုံးစီးခန့် လာရောက်ခဲ့ပြီး SUMF တပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူးရဲ့သား သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။

အဲဒီနောက်မှာ စစ်ကောင်စီတပ်ဘက်က ဇေယျာ (၃) လမ်းတစ်ဝိုက်ကို ရဲနဲ့စစ်သား ထပ်မံဖြည့်တင်းခဲ့သလို အိမ်အနောက်က အတ္တရံမြစ်မှာလည်း ကင်းလှည့်ရေယာဉ် တစ်စီးချထားပြီး စုစုပေါင်း အင်အားသုံးရာခန့်နဲ့ ပိတ်ဆို့ခဲ့တာလို့ SMUF တပ်ဖွဲ့ဝင်က ပြောပါတယ်။

အပြန်အလှန် ပစ်ခတ်မှုဟာ ည ၉ နာရီဝန်းကျင်မှာ ပြီးသွားပြီး အရပ်သား အမျိုးသားတစ်ဦး သေဆုံးခဲ့သလို ရဲတစ်ဦး ထိခိုက်မှုရှိတယ်လို့ ဒီရပ်ကွက်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီထောက်ခံသူတွေရဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ ခြောက်ဦးဖမ်းမိပြီး လက်နက်ငယ် သုံးလက် သိမ်းဆည်းရမိတယ်လို့ ရေးသားနေကြပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ဒါပေမဲ့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ ဦးအောင်ကြည်သိန်းကတော့ ဒီကိစ္စမှာ PDF တွေဘက်က စတင်ပစ်ခတ်တာဖြစ်ပြီး လူခြောက်ဦးနဲ့ ပစ္စတို သေနတ် သုံးလက်၊ လက်လုပ်မိုင်းကိုးလုံး ဖမ်းဆီးမိတယ်လို့ RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်သား ဒုတပ်ကြပ် တစ်ဦးနဲ့ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အဲဒီအထဲက အရပ်သားတစ်ဦးကတော့ သေဆုံးသွားတယ်လို့ ဦးအောင်ကြည်သိန်းက ဆိုပါတယ်။

ဒီနေ့ မနက်ပိုင်းမှာတော့ ဇေယျာ (၃) လမ်းက အဲဒီနေအိမ်ကို ကြိုးအဝါနဲ့ တားမြစ်ထားပြီး ဇေယျာသီရိရပ်ကွက် တစ်ဝိုက်မှာလည်း လုံခြုံရေးတွေ ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။