စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ ဒီဇင်ဘာလ ၁၆ ရက်ကနေ ဒီဇင်ဘာလ ၁၉ ရက် ဒီကနေ့အထိ သုံးရက်ဆက်တိုက်ပွဲဖြစ်ပွားနေပြီး ကျေးရွာ ၁၂ ရွာက အရပ်သား ငါးထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေ RFA ကို ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ PDF ပူးပေါင်းတပ်တွေ အကြား ဂျုံးဂျရွာမ၊ ပိန်းအင်းရွာနဲ့ ညောင်ကုန်းရွာတွေအနီးမှာ တိုက်ပွဲဖြစ်ပွားနေတာလို့ အင်းတော် PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“တိုက်ပွဲက ဂျုံးဂျရွာနားမှာ တစ်ခေါက်၊ ပိန်းအင်းရွာနားမှာ တစ်ခေါက်၊ ညောင်းကုန်း ရွာနားမှာ တစ်ခေါက် ၃ ရက်ဆက်တိုက်ဖြစ်သွားတာ။ တိုက်ပွဲက တစ်နေ့လုံးနီးပါးတွေ ဖြစ်တာ။ ဒီနေ့ကလည်း မငြိမ်သေးဘူး တိုက်ပွဲဆက်ဖြစ်နိုင်သေးတယ်။ စကစတွေက ရွာက မထွက်သေးဘူး။ အောက်လယ်ပြင်ရွာမှာ အင်အား ၁၀၀ ကျော်ရှိတယ်။ ပိန်းအင်းရွာမှာလည်း အင်အား ၃၀ ကျော်ရှိတယ်။ ကျောင်းကုန်းရွာမှာလည်း အင်အား ၈၀ လောက် ရှိတယ်”
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ပြောပေမယ့် အသေးစိတ် အခြေအနေကို မသိရသေးပါဘူး။
တိုက်ပွဲကြောင့် ပိန်းအင်း၊ လယ်ပြင်၊ မအူကုန်း၊ ညောင်ကုန်း၊ သောင်မြင်း၊ ကွင်းချောင်း၊ ဂျုံးဂျရွာမ၊ ဂျုံးဂျရွာသစ်၊ ကျောင်းကုန်း၊ ဗုဓလက်၊ အိုက်မ၊ ပိန္နဲကုန်း ရွာတွေက အရပ်သားတွေ ထွက်ပြေးနေရပါတယ်။
စစ်ကောင်စီတပ်က ကျေးရွာတွေထဲဝင်ပြီး အရပ်သားနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ မအူကုန်းရွာက ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတစ်ဦး ပြောပါတယ်။
“အခုအချိန်က ဘေးလွတ်ရာကို ရှောင်တိမ်းနေရတာပေါ့။ တိုက်ပွဲမရှိသေးတဲ့အချိန် တောင် နေအိမ်တွေမီးရှို့ အမျိုးသမီးတွေလည်း စော်ကားတာတွေ၊ အမျိုးသားတွေကို ဖမ်းဆီးတာဆိုတော့ အကုန်ထွက်ပြေးနေရတယ်။ အခုက ဒီဘက်ကို နေအိမ်တွေကို မီးလိုက်ရှို့နေတာတွေလည်းရှိတယ်။ ကျမတို့အိမ်ကလည်း မီးရှို့ခံလိုက်ရပြီ”
လက်တလောဖြစ်စဉ်တွေကြောင့် အရပ်သားထိခိုက်သေဆုံးတာ မရှိသေးဘူးလို့ သူက ပြောပါတယ်။
ဒါပေမဲ့ လက်ရှိမှာ မအူကုန်းရွာက နေအိမ် ၂၀၊ ဂျုံးဂျုံးဂျရွာသစ်က နေအိမ်ခြောက်လုံးနဲ့ စားသောက်ဆိုင် နှစ်ဆိုင်၊ ဂျုံးဂျရွာမက နေအိမ် ၁၁လုံး၊ ပိန်းအင်းရွာက နေအိမ်တစ်လုံး စုစုပေါင်း နေအိမ်နဲ့ အဆောက်အအုံ ၄၀ မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဒီကနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခနဲ့ မလုံခြုံမှုတွေ ကြောင့် စစ်ကိုင်းတိုင်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးသူ ၆၁၆,၅၀၀ ဦးရှိပါတယ်။