KNU ထိန်းချုပ်နယ်မြေမှာ လူသုံးသိန်းကျော် ရေဘေးသင့်

RFA Burmese
2024.09.22
KNU ထိန်းချုပ်နယ်မြေမှာ လူသုံးသိန်းကျော် ရေဘေးသင့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်ကို KNU က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ထားစဉ်။
Facebook/ Karen National Union

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပဲခူးတိုင်း၊ တောင်ငူခရိုင်နဲ့ ညောင်လေးပင်ခရိုင်အတွင်းက စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်မှာ ရှိတဲ့ ရွာတွေက လူသုံးသိန်းကျော် ရေဘေးသင့်ခဲ့ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ KNU က စက်တင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၅၈ နှစ်အတွင်း အကြီးမားဆုံး ရေကြီးရေလျှံမှုနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပြီး လူသေဆုံးတာ၊ သောင်းနဲ့ချီတဲ့ သီးစိုက်ဧကတွေ ပျက်စီးတာ၊ သီးနှံတွေ ပိုးကျတာ၊ လယ်ယာသုံး ကျွဲ၊ နွားတွေ သေဆုံးတာ စတဲ့ ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ KNU က ပြောပါတယ်။

ညောင်လေးပင်ခရိုင်အတွင်းမှာ ရွာပေါင်း ၂၈၉ ရွာက လူတစ်သိန်းခွဲကျော် (၁၆၈,၄၂ ဦး) ရေဘေးသင့်ခဲ့ပြီး နှစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ တောင်ငူခရိုင်အတွင်းမှာတော့ လူဦးရေ တစ်သိန်းခွဲနီးပါး (၁၄၈,၅၀၀ ဦး) ရေဘေးသင့်ခဲ့ပြီး ခုနစ်ဦး သေဆုံးတယ်လို့ KNU က ဖော်ပြပါတယ်။

လက်ရှိမှာတော့ ရေဘေးဒုက္ခသည်တွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ဖို့ အကူအညီတွေလိုအပ်တယ်လို့ တောင်ငူဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အဓိကတော့ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်တယ်။ စားသောက်ကုန်တွေ၊ အ၀တ်အထည်တွေ၊ သောက်ရေသန့်တွေက အလှူရှင်တွေလာတဲ့အတွက် အဆင်ပြေတယ်။ လက်ရှိကတော့ ရေတော့ကျနေပြီဆိုပေမဲ့ နစ်တဲ့နေရာတွေကတော့ နစ်နေတုန်းပဲ"

ညောင်လေးပင်ခရိုင်အတွင်းမှာတော့ စစ်ဘေးဒုက္ခသည်တွေပါ ရေဘေးသင့်ခဲ့ရပြီး ရေဘေးသင့်သူတွေကို အရေးပေါ် ကူညီထောက်ပံ့မှုတွေ လုပ်ခဲ့ပေမဲ့ လုံလောက်မှုမရှိဘဲ အကူအညီနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ KNU က ဖော်ပြပါတယ်။

နိုင်ငံတစ်ဝန်းက ရေကြီးရေလျှံမှုမှာ လူ ကိုးသိန်းနီးပါး (၈၈၇,၀၀၀) ရေဘေးသင့်ခဲ့ပြီး လူသုံးရာကျော် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။