မိုးကြီးတာကြောင့် ရှမ်းနဲ့ စစ်ကိုင်းတို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်မှာ မနေ့က မိုးကြီးခဲ့တာကြောင့် ရေကာတာ ၂ ခု၊ တံတား တစ်စင်း နဲ့ လမ်းပိုင်းတချို့ ပြိုကျ ပျက်စီးခဲ့ပါတယ်။

မုဌောအနောက်ကျေးရွာမှာ ပေ ၄၀ နဲ့ ပေ ၃၀ ရှိတဲ့ ရေကာတာ ၂ ခု ကျိုးကျပျက်စီးခဲ့သလို မြေသားလမ်း တချို့ လည်း ပျက်စီးခဲ့တယ်လို့ စစ်ကိုင်းတိုင်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်စ် က ပြောပါတယ်။

"၅ ရက်နေ့ ည ၁ နာရီလောက်ကစပြီးတော့ မိုးတွေသည်းတဲ့အတွက်ကြောင့် ကနီက ၁၂ နေရာပေါ့၊ ထိခိုက် ပျက်စီးမှုတွေ ဖြစ်တာပေါ့နော်၊ မုဌောကျေးရွာအုပ်စု၊ မုဌောအနောက်ကျေးရွာမှာ ပြုလုပ်ထားတဲ့ ကျောက်စီ ရေကာတာ ၂ ခု ကျိုးသွားတာပေါ့နော်၊ ပေ ၄၀ ရှိတဲ့ ရေကာတာရယ်၊ ပေ ၃၀ ရှိတဲ့ ရေကာတာရယ်ပေါ့နော်၊ ပျက်စီးတာပေါ့၊ နောက် သမင်ခြံကျေးရွာအုပ်စု ချောင်းမ-ကနီလမ်းပေါ်မှာရှိတဲ့ မိုင်တိုင်အမှတ် ၂၀/၂ တံတား ချဉ်းကပ်မြေသားလမ်း ၁၅ ပေလောက် ပျက်စီးသွားတာပေါ့နော်"

ကနဲကျေးရွာမှာလည်း ချင်းတွင်းမြစ်ကမ်းပါး ရေတိုက်စားပြီး ပြိုကျခဲ့တာကြောင့် နေအိမ် ၃ လုံး ပြောင်းရွှေ့ရမယ့် အနေအထားရှိနေပြီး ရွှေ့ပြောင်းရမယ်ဆိုရင် ကူညီထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ ဦးစဝီလီဖရန့်စ် က ပြောပါတယ်။

ကနီမြို့နယ်အတွင်းက မုဌော၊ ကျွဲသောက်ကန်၊ သရက်ပင်၊ ကဲဒေါင်၊ ကျွန်းပင် နဲ့ အမှတ် ၃ ရပ်ကွက် စတဲ့ နေရာတွေက မြေပဲ၊ နှမ်း၊ ငှက်ပျော နဲ့ ပဲစင်းငုံစိုက်ခင်းတွေ ရေနစ်မြုပ်ခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။

လာမယ့် မိုးရာသီကာလအတွင်း ရေဘေးဒဏ်ကြုံလာရင် ထောက်ပံ့ပေးဖို့အတွက် ပြည်ထောင်စုအစိုးရဆီကနေ စစ်ကိုင်းတိုင်းအတွက် ငွေကျပ်သိန်း ၅၀၀ တောင်းထားတယ်လို့ ဦးစဝီလီဖရန့်စ် က ပြောပါတယ်။

အလားတူ မနေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရှမ်းပြည်နယ် တောင်ကြီးမြို့က ရပ်ကွက်အတော်များများ ရေကြီးရေလျှံမှုတွေ ရှိခဲ့ပြီး ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး ရေထဲမျောပါသေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ မနက်ဖြန်အထိ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။