ရေစကြိုမြို့ ရေလယ်ကျွန်း ဒေသခံတွေရဲ့ စားနပ်ရိက္ခာတွေ ဖျက်ဆီးခံရ

မကွေးတိုင်း ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းပေါ်မှာရှိတဲ့ မီးလောင်ကျွန်းရွာနဲ့ ရေယှားရွာက ဒေသခံတွေရဲ့ စားနပ်ရိက္ခာတွေကို စက်တင်ဘာ ၆ ရက်နေ့ကနေ ၁၅ ရက်နေ့အတွင်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ ရေလယ်ကျွန်းဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ၆ ရက်နေ့နဲ့ ၇ ရက်နေ့တွေမှာ မီးလောင်ကျွန်းရွာက စားနပ်ရိက္ခာတွေကို ဝင်ရောက်ဖျက်ဆီးခဲ့သလို စက်တင်ဘာလ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့ တွေမှာလည်း ရေယှားရွာက ရိက္ခာတွေကို ဝင်ရောက်ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက RFA ကို ဒီကနေ့ ပြောပါတယ်။

ဆန်၊ စပါး၊ ကောက်ပဲသီးနှံတွေကို ရောနှောပြီး ထွန်စက်နဲ့ကြိတ်တာအပြင် ဓာတ်ဆီနဲ့ လောင်းထည့်တာတွေပါ လုပ်ခဲ့တာလို့ ရေလယ်ကျွန်းဒေသခံတွေက ဆိုပါတယ်။

လက်ရှိ ရေလယ်ကျွန်းပေါ်က စစ်ဘေးဒုက္ခသည် ခြောက်ရာခန့် စုနေထိုင်တဲ့ နေရာတစ်ခု မှာလည်း ဆန်လေးအိတ်သာ ကျန်ရှိတော့သလို ရိက္ခာပြတ်မယ့်အခက်အခဲနဲ့ ကြုံနေတယ် လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ကျနော်တို့ဆီမှာ ရိက္ခာပြတ်သွားပြီလေ။ ကြက်ဥတစ်လုံးတောင် သုံးရာဖြစ်သွားတယ် ဗျာ။ ဘယ်လိုစားရလဲဆိုတော့ လက်ကျန်အင်အားနဲ့ပဲ မျှစားရတာ။ ကျနော်တို့ ဓမ္မာရုံမှာ အလှူခံထားတာ ဆန်လေးအိတ်ကျန်သေးတယ်။ လူခြောက်ရာနဲ့ မျှစားရမှာ"

စစ်ကောင်စီတပ်ဟာ ဇူလိုင်လကုန်ပိုင်းကစပြီး ရေလယ်ကျွန်းဒေသမှာ တစ်ရွာဝင်တစ်ရွာ ထွက် စစ်ကြောင်းထိုး ဝင်ရောက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စားနပ်ရိက္ခာတွေကို ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေ ပြောဆိုမှုအပေါ် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဘက်ကလည်း ဒီကိစ္စအပေါ် တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မတွေ့ရပါဘူး။

ရေလယ်ကျွန်းဒေသတွင်းကိစ္စတွေကို စာရင်းကောက်ယူထားတဲ့ ဒေသတွင်းအဖွဲ့တစ်ခုရဲ့ စာရင်းအရ စက်တင်ဘာလဆန်းပိုင်းကနေ အခုလလယ်အတွင်းမှာတင် မြေတော်ရွာက အိမ်ထောင်စု ၂၈ စု၊ မီးလောင်ကျွန်းရွာက အိမ်ထောင်စု ၁၆ စု၊ မိဖုရားရွာက အိမ်ထောင်စု ၁၂ စု၊ ကျောက်ဖူးရွာက ငါးစု၊ ရေယှားရွာက လေးစု စုစုပေါင်း အိမ်ထောင်စု ၆၅ စုရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

လက်ရှိ ရေလယ်ကျွန်းမှာ စစ်ဘေးဒုက္ခသည် အနည်းဆုံး ခြောက်ထောင်နဲ့အထက် ရှိနေပြီ လို့လည်း စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။

လက်ရှိ ရေလယ်ကျွန်းပေါ်ကို ဝင်ရောက်နေတဲ့အထဲက စစ်ကောင်စီတပ်သား အင်အား ၈၀ ခန့်ရှိတဲ့ စစ်ကြောင်းတစ်ခုနဲ့ မင်းရွာမှာ တပ်စွဲထားတဲ့ တပ်ဖွဲ့တစ်ခု ကျန်ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။