မင်္ဂလာဒုံမြို့နယ်မှာ နေအိမ်နှစ်ရာကျော် အင်အားသုံး ဖယ်ရှားခံရ

RFA Burmese
2024.05.24
မင်္ဂလာဒုံမြို့နယ်မှာ နေအိမ်နှစ်ရာကျော် အင်အားသုံး ဖယ်ရှားခံရ မင်္ဂလာဒုံ ရွှေနံ့သာကျေးရွာအုပ်စု၊ ပုလဲ ၃ ရပ်ကွက်ရှိ အိမ်များ ဖယ်ရှားပေးရန် ၂၀၂၄ ခုနှစ် မေလ ၈ ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆောင်သည့်အဖွဲ့က စာလိုက်ပို့နေသည်ကို တွေ့ရစဉ်။
Citizen Journalist

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပုလဲ ၃ ရပ်ကွက်ထဲမှာရှိတဲ့ အိမ်ခြေ နှစ်ရာကျော်ကို စစ်ကောင်စီတပ်နဲ့ စည်ပင်တို့က ကျူးကျော်နေအိမ်တွေလို့စွပ်စွဲပြီး မေလ ၂၃ ရက်နေ့က အင်အားသုံး ဖယ်ရှားလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအိမ်တွေကို မေလ ၄ ရက်နေ့မှာ နောက်ဆုံးထားဖယ်ရှားပေးဖို့ ပထမအကြိမ်နဲ့ မေလ ၁၀ ရက်နေ့မှာ နောက်ဆုံးထား ဖယ်ရှားပေးဖို့ ဒုတိယအကြိမ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့အဖွဲ့က သတိပေးစာတွေ ပေးပြီးတဲ့နောက် အခုလိုဖယ်ရှားလိုက်တာလို့ ဆိုပါတယ်။

အခုလိုဖယ်ရှားဖို့ သတိပေးရာမှာ အများစုက ရွှေပြောင်းမပေးတာကြောင့် စစ်တပ်နဲ့စည်ပင်က စက်ယန္တရားတွေသုံးပြီး ဖယ်ရှားလိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဲဒီသတိပေးစာက ရက်ကျော်သွားတော့ သူတို့လာဖျက်တာ။ ၁၈ အိမ်ပဲ သင်္ကြန်တွင်းက ကျေကျေနပ်နပ်နဲ့ ဖျက်သွားပေးရှိတယ်။ ကျန်တဲ့အိမ်တွေက မဖျက်လို့ သူတို့ဘူဒိုဇာနဲ့ ထိုးပြီးဖျက်တာပါ”

နေအိမ်ဖျက်ဆီးခံလိုက်ရတဲ့ ဒေသခံတွေကတော့ နီးစပ်ရာ ရပ်ကွက်တွေမှာ ငှားရမ်းနေထိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌလက်မှတ်နဲ့ ဒေသခံတွေဆီကိုပေးပို့တဲ့ အကြောင်းကြားစာထဲမှာတော့ ရွှေနံ့သာကျေးရွာအုပ်စု၊ ပုလဲ ၃ ရပ်ကွက် ဂျိုးဖြူပိုက်လိုင်းတစ်လျှောက် အမှတ် (၈) ရဲတပ်ရင်းအစပ်ကနေ ဘိုခြံလမ်းထိပ်အထိ ကျူးကျော်နေထိုင်တဲ့ အဆောက်အအုံတွေအားလုံး မေလ ၁၀ နေ့ နောက်ဆုံးထား ဖျက်သိမ်းဖယ်ရှားပေးရမယ်လို့ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးဌေးအောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ဧပြီလ ၂၆ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အမှတ် (၃) ရပ်ကွက်၊ အောင်သိဒ္ဓိလမ်းတစ်လျှောက်က နေအိမ်ခြောက်ရာခန့်ကို ကျူးကျော်ဆိုပြီး တစ်လအတွင်း ဖယ်ရှားပေးဖို့ စစ်ကောင်စီတပ်သားတွေနဲ့ စည်ပင်ဝန်ထမ်းတွေက အကြောင်းကြားစာ လာပေးသွားတယ်လို့ အဲဒီမှာ နေထိုင်သူတွေက ပြောပါတယ်။

RFA ရဲ့စာရင်းအရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း မရမ်းကုန်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းနဲ့ တောင်ပိုင်း၊ ဒေါပုံ၊ မင်္ဂလာဒုံနဲ့ လှိုင်သာယာမြို့နယ်တွေက နေအိမ် နှစ်သောင်းဝန်းကျင် ဖယ်ရှားခံခဲ့ရပါတယ်။

ရန်ကုန်အပြင် မန္တလေးနဲ့ အခြားတိုင်းနဲ့ ပြည်နယ်တချို့မှာလည်း ကျူးကျော်ဆိုပြီး နေအိမ်ဖယ်ရှားခိုင်းတာတွေ မကြာခဏဖြစ်နေတာပါ။

စစ်ကောင်စီအနေနဲ့ ကျူးကျော်ဆိုပြီး ဖယ်ရှားခံရသူတွေကို အစားထိုးနေစရာပြန်ချမပေးဘဲ လူနေအိမ်တွေကို အင်အားသုံးဖယ်ရှားတာဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှာ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။