မင်းတုန်းမြို့နယ် မှန်ရွာက နေအိမ် ၁၅၇ လုံး မီးလောင်ပျက်စီးပြီး လူတစ်ဦးသေဆုံး

မကွေးတိုင်း၊ မင်းတုန်းမြို့နယ် မှန်ရွာမှာ မတ်လ ၂၂ ရက်နေ့ နေ့လယ်က ရွာအနီး တောမီးလောင်တာကနေ နေအိမ် ၁၅၇ လုံး မီးလောင်ပျက်စီးခဲ့ပြီး အသက် ၈၀ အရွယ် ဒေါ်ယုံသေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အိမ်ခြေ ၁၆၀ ကျော်ရှိတဲ့ မှန်ရွာဟာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဖြစ်တာကတော့ တောမီးကနေ စလောင်တာပေါ့။ ရွာမှာကလေ ရွာသီးနှံခင်းတွေ ရှိတာလေ။ အဲဒီဘက်မှာ စပြီး မီးပွားကျတာပေါ့။ ရွာလူတွေကလည်း ငြှိမ်းတယ်။ တစ်ခါ အိမ်ပြန်လာတော့ အဲဒီဘက်က မီးပွားထပ်ကျတာနဲ့တူတယ်။ သက်ကယ်မိုးနဲ့ အိမ်တွေပေါ် ကျတယ်။ ရွာကအကုန်လုံး ဝိုင်းပြီး ငြှိမ်းကြတာလည်း မရတော့ဘူး”

လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ ရေအခက်အခဲတွေကြောင့် အချိန်မီ မီးမသတ်နိုင်ဘဲ ညနေ ခြောက်နာရီကျော်လောက်မှပဲ မီးငြိမ်းသွားတယ်လို့ ကယ်ဆယ်ရေးလုပ်ခဲ့သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ မှန်ရွာက မီးဘေးသင့်လူဦးရေ ခြောက်ရာနီးပါးအတွက် နေထိုင်စားသောက်ရေးကို သက်ဆိုင်ရာအဖွဲ့တွေနဲ့ ပရဟိတအဖွဲ့တွေ ကူညီဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။