ပဲခူးတိုင်း လဝကဝန်ကြီးနဲ့ သမီးဖြစ်သူ ဖမ်းဆီးခံရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ပဲခူးတိုင်းအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦးနဲ့ သူ့သမီးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ သူနဲ့နီးစပ်တဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက ဒီဇင်ဘာလ ၉ ရက် ဒီနေ့ RFA ကို ပြောပါတယ်။

ဦးထွန်းထွန်းဦးရဲ့ သမီးဖြစ်သူကို နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ဖမ်းဆီးခံရပြီးနောက် အဖေဖြစ်သူကိုလည်း စစ်ကောင်စီက ဆက်သွယ်ကာ သမီးဖြစ်သူနဲ့ လဲလှယ် ဖမ်းခံဖို့ အကြပ်ကိုင်တဲ့အတွက် ဒီဇင်ဘာလ ၈ ရက်နေ့မှာ သွားရောက် အဖမ်းခံခဲ့တာလို့ သူရဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြောပါတယ်။

"သူ့သမီးက ပတ်စပို့ (Passport) လုပ်ဖို့အသွား ဒီကလေးမလေးက ဝန်ကြီးသမီးမှန်း သိသွားတာ။ လွန်ခဲ့တဲ့ ဆယ်ရက်လောက်က အဖမ်းခံရတာ။ စစ်တပ်က ဖအေနဲ့သမီး လဲတဲ့သဘောမျိုး မြို့ပေါ်လူတွေ ပြောကြတယ်ဗျ။ ဖအေဖြစ်သူက မနေ့က သွားအဖမ်းခံလိုက်တယ်"

ကိုထွန်းထွန်းဦးရဲ့ သမီးကို ဖမ်းပြီးနောက် ပြည်မြို့က ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ) မှာ လာရောက်အဖမ်းခံဖို့ စစ်ကောင်စီက ဆက်သွယ်မှုတွေ ရှိပြီး သူဟာ မနေ့က ပြည်မြို့ (ဒကစ ) အသွား လမ်းမှာပဲ ဖမ်းဆီးခံလိုက်ရတယ်လို့ သူကဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက သူ့ကို ဘယ်မှာ ဖမ်းဆီးချုပ်နှောင်ထားလဲဆိုတာ မသိရသေးသလို သူ့သမီးဖြစ်သူကိုလည်း ပြန်လွတ်ပေးတာ မရှိသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကတော့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးက အဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်ချက်ကို လတ်တလော မသိရသေးကြောင်းနဲ့ သိရပါက ပြန်လည် ဆက်သွယ်ပေးမယ်လို့ RFA ကိုပြောပါတယ်။ ဦးထွန်းထွန်းဦးဟာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ပေါင်းတည်မြို့ အမှတ် (၂) မဲဆန္ဒနယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် အဖြစ် NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ပဲခူးတိုင်း အစိုးရအဖွဲ့ လ.ဝ.က ဝန်ကြီးဖြစ်လာသူပါ။

၂၀၂၀ ရွေးကောက်ပွဲမှာလည်း NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပေါင်းတည် မဲဆန္ဒနယ်ကပဲ ထပ်မံအနိုင်ရခဲ့သူဖြစ်ပါတယ်။