မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က အေးဂျင့်လေးဦး ဖမ်းဆီးစစ်ဆေးခံနေရ

2022.09.12
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က အေးဂျင့်လေးဦး ဖမ်းဆီးစစ်ဆေးခံနေရ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့ (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် မှာ အလုပ်လုပ်နေကြတဲ့ အေးဂျင့်လေးဦးကို လက်နက်ကိုင်အဖွဲ့တွေထံ ငွေထောက်ပံ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီး စစ်ဆေးနေတယ်လို့ နယ်စပ်ကုန်သည်တွေ က ပြောပါတယ်။

မူဆယ်ကုန်သွယ်ရေးဇုန်ရဲ့ ပို့ကုန်သွင်းကုန် လုပ်ငန်းတွေမှာ အခွန်ဆောင်တဲ့ကိစ္စအပါအဝင် ကြားခံအနေနဲ့ ကူညီလုပ်ကိုင်ပေးနေတဲ့ အေးဂျင့်တွေကို စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၃ နာရီမှာ စစ်ကောင်စီတပ်ရဲ့ ဗျူဟာမှူးအဆင့်ရှိသူက အစည်းအဝေးခေါ်တဲ့အတွက် အေးဂျင့် ၂၃ ဦး သွားရောက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီအထဲက ၁၉ ဦးကို စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပေမယ့် လေးဦးကိုတော့ ဆက်လက် ဖမ်းဆီးထားတယ်လို့ အမည်မဖော်လိုတဲ့ မူဆယ်နယ်စပ် ကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။

“အစည်းအဝေးခေါ်လို့ သွားကြတာ ပြန်မလာကြလို့ စုံစမ်းကြည့်တော့မှ လက်နက် ကိုင်ကို ငွေထောက်ပံ့လို့ဆိုပြီး အစစ်ဆေးခံနေရတယ်လို့ သိရတာ။ ရောက်တာနဲ့ ဖုန်း တွေအကုန်သိမ်းပြီး ရှာခံရတယ်။ တချို့ကတော့ မနေ့ ညပိုင်းမှာ ပြန်လွတ်လာတယ်။ လေးယောက်ကိုတော့ လက်နက်ကိုင်အဖွဲ့တွေကို ငွေပေးတာနဲ့ ဆက်စပ်တယ်ဆိုပြီး ခေါ်ထားတယ်လို့ လတ်တလော သိထားတယ်”

အဖမ်းခံထားရသူတွေ ဘယ်သူဘယ်ဝါဆိုတော့ မသိရသေးသလို လက်ရှိအဲဒီလေးဦးကို စစ်ဆေးနေဆဲဖြစ်လို့ ဘယ်အချိန် ပြန်လွတ်မယ်ဆိုတာလည်း တိတိကျကျ မသိရသေး ဘူးလို့ ကုန်သည်တွေက ဆိုပါတယ်။

အေးဂျင့်တွေ အဖမ်းခံရတဲ့ကိစ္စကြောင့် မူဆယ်နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းအချို့ ရပ်တန့်သလို ဖြစ်နေတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နယ်စပ်ကုန်သည် တစ်ဦးက RFA ကို ပြောပါတယ်။

“အခုက ဘယ်သူမှ အလုပ်မသွားရဲကြဘူး ဖြစ်သွားတာပေါ့။ ကုန်သွယ်ရေးဇုန်မှာ အေးဂျင့်ဆိုတာ အသက်ပဲလေ။ နိုင်ငံတော်အခွန်ဆောင်တဲ့ ကိစ္စတွေ၊ ကုန်သည်တွေနဲ့ ကုန်သွယ်ရေးဌာနကသူတွေ ကားဆရာတွေကြားမှာ စာရွက်စာတမ်းကိစ္စတွေကို အေးဂျင့်လက်မှတ်ကိုင်ထားတဲ့သူတွေက လုပ်ပေးမှရတာ။ တစ်ဖက်မှာလည်း ဒေသ အခြေစိုက် လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်ဆံရတာမျိုးလည်းရှိတယ်။ အစဉ်အဆက် လည်း ဒီလိုပဲလုပ်ခဲ့ကြ ရတာ။ အားလုံးက နီးရာဓားကြောက်နေရတာ”

အေးဂျင့်တွေအဖမ်းခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ ဦးခွန်သိန်းမောင်ကို ဖုန်းနဲ့ဆက်သွယ် ခဲ့ပေမယ့်လည်း ဖုန်းစက် ပိတ်ထားပါတယ်။

မူဆယ်မြို့နယ်ထဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ ကိုးကန့် တပ်ဖွဲ့ (MNDAA) အပြင် မူဆယ်ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်အချို့လည်းရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။