စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ပေပင်ချောင်ရွာကို ဒီဇင်ဘာလ ၁၂ ရက်မှာ ဝင်ရောက်စီးနင်းပြီး အရပ်သား လေးဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထွက်ပြေးချိန်မရလိုက်ဘဲ ရွာထဲမှာ ပိတ်မိနေတဲ့ ဦးသိန်းအောင်၊ ဦးအဲမောင်၊ ဦးမြင့်စိုးနဲ့ လျှော်ဖြူကုန်းရွာက ကိုမောင်မြင့်တို့ သတ်ဖြတ်ခံလိုက်ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနက်ပိုင်း နှစ်ဖက်တိုက်ပွဲဖြစ်ပြီးတော့ လျှော်ဖြူကုန်းကနေ ပေပင်ချောင်ကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတာ။ အဲဒီမှာ ပေပင်ချောင်ရွာထဲက လူတစ်ဦးကို မီးထဲပါမှာစိုးလို့ဆိုပြီးတော့ ပြန်ကယ်ကြရင်း စစ်ကြောင်းနဲ့တိုးတာ။ လျှော်ဖြူကုန်းရွာသားကျတော့ ကင်းပုန်းဝပ်နေတဲ့ စစ်ကြောင်းနဲ့တွေလို့ ပစ်သတ်ခံလိုက်ရတာ။ ပေပင်ချောင်က သေဆုံးသူတွေ ရုပ်အလောင်းမှာ နှိပ်စက်ထားတာရော၊ ဓားဒဏ်ရာတွေရော တွေ့တယ်”
ကျောက်ပြင်သာရွာမှာ စစ်ဘေးရှောင်နေတဲ့ အသက် ၇၈ နှစ်အရွယ် ဒေါ်ကျွဲကလည်း သားဖြစ်သူ ဦးစိုးမြင့် သတ်ဖြတ်ခံလိုက်ရတဲ့သတင်းကိုကြားပြီး နှလုံးရပ် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒီအပြင် မိုင်းထောင်ဖို့ ပြင်နေတဲ့ ပေပင်ချောင်ရွာက PDF တပ်ဖွဲ့ဝင် ကိုနိုင်ဝင်းထွန်းနဲ့ ကိုကံမင်းစိုးတို့လည်း ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီရက်ပိုင်းအတွင်း ကောလင်းမြို့နယ်အရှေ့ဘက်အခြမ်းက ပေပင်ချောင်၊ ညောင်ကုန်း၊ ဇီးဖြူကုန်း၊ လျှော်ဖြူကုန်း၊ ကုက္ကိုကုန်းရွာတွေကို ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ် ၂၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ကျေးရွာတွေကို ဝင်ရောက်စီးနင်းပြီး အရပ်သားတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းဟာ စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း - ၃၆၉၊ ၃၆၁၊ ၃၆၃ ကဖြစ်တယ်လို့ PDF တွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာလ ၁၃ ရက် ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှုနဲ့ ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် အာဏာသိမ်းပြီးနောက် အရပ်သား၂,၅၇၈ ဦး သေဆုံးခဲ့ပါတယ်။