သတင်းသမား လေးဦးသာ ပြန်လွတ်ပြီး ၅၀ ဦး ဖမ်းဆီးခံထားရဆဲ

2022.11.18
Share on WhatsApp
Share on WhatsApp
သတင်းသမား လေးဦးသာ ပြန်လွတ်ပြီး ၅၀ ဦး ဖမ်းဆီးခံထားရဆဲ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ရှေ့တွင် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များ စောင့်ဆိုင်းနေသည်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

RFA က လက်လှမ်းမီသလောက် သီးသန့်ပြုစုထားတဲ့ စာရင်းအရ စစ်ကောင်စီက နိုဝင်ဘာ ၁၇ ရက် မနေ့က နိုင်ငံတစ်ဝန်းက အကျဉ်းသား ၅,၇၇၄ ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့ရာမှာ သတင်းသမား လေးဦးပဲ ပြန်လွတ်လာပါတယ်။

ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေအနက် ရမည်းသင်းထောင်က မဇ္ဈိမသတင်း အယ်ဒီတာ ကိုသန်းထိုက်အောင်၊ ပြည်ထောင်က အလွတ်သတင်းထောက် ကိုလပြည့်၊ ပုသိမ်ထောင်က မြန်မာသံတော်ဆင့် သတင်းထောက် ကိုရဲရင့်ထွန်းနဲ့ လားရှိုးထောင်ကနေ ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက် သံလွင်သွေးချင်း သတင်းဌာန အယ်ဒီတာ မမြဝန်းရံတို့ လေးဦးပဲ ပြန်လွတ်လာပါတယ်။

သူတို့အားလုံး နိုင်ငံရေး ပုဒ်မ - ၅၀၅ (က)၊ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံ ထားရပြီး လွတ်ရက်စေ့ဖို့ လပိုင်းအလိုမှာ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့တာပါ။

သူတို့လည်းပဲ ရန်ကုန် အင်းစိန်ထောင်နဲ့ သာယာဝတီထောင်မှာ ဖမ်းဆီးခံထားရတဲ့ သတင်းသမား သုံးဦး မနေ့က ပြန်လွတ်လာမယ်လို့ ကနဦး သတင်းရရှိခဲ့ပေမယ့် ညပိုင်း ရောက်တဲ့အထိ ပြန်လွတ်မလာခဲ့ဘူးလို့ နိုင်ငံရေးသမားတွေနဲ့ သတင်းထောက်တွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က တရား လွှတ်တော်ရှေ့နေတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

“ကျနော် ကနဦးသိထားတာက ဖမ်းဆီးထားဆဲဖြစ်တဲ့ အလှကလေးသူဇာ (ခေါ်) မသူဇာ၊ ကိုကောင်းဆက်လင်းနဲ့ သာယာဝတီထောင်မှာ ထောင်ကျနေတဲ့ မမေဘယ်လ် (ခေါ်) ငြိမ်းငြိမ်းအေးတို့ ပြန်လွတ်မယ်ဆိုပြီး သိထားတာ။ ညပိုင်းအထိ သူတို့ပြန်လွတ်လာတာ မရှိပါဘူး။ နောက်မှ ကျနော်ထပ်သိရတာက အခုလွှတ်ပေးတဲ့သူတွေက လွတ်ရက်စေ့ဖို့ လပိုင်းအလိုတွေကိုပဲ လွှတ်တာလို့ သိရတယ်”

ကိုကောင်းဆက်လင်း မြန်မာသတင်းဓာတ်ပုံအေဂျင်စီ (Myanmar Pressphoto Agency - MPA) ရဲ့ သတင်းထောက်တစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ရန်ကုန်က ဆန္ဒပြပွဲ တစ်ခုကို သတင်းဓာတ်ပုံရိုက်ကူးစဉ် ရဲနဲ့စစ်တပ်က ကားနဲ့ အပြင်းအထန်တိုက်ပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူ့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ-၅၀၅ (က) နဲ့ တရားစွဲထားပြီး အင်းစိန်ထောင်မှာ အကျဉ်းချထားပါတယ်။

အလွတ်သတင်းထောက်တစ်ဦးဖြစ်တဲ့ အလှကလေး သူဇာ (ခေါ်) မသူဇာကတော့ အကြောင်းပြချက်တစ်စုံတစ်ရာ မရှိဘဲ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့က ဖမ်းဆီးခံရပြီး ပုဒ်မ - ၅၀၅ (က) နဲ့ အင်းစိန်ထောင်မှာပဲ ချုပ်နှောင်ခံထားရပါတယ်။ သူဟာ အာဏာမသိမ်းခင်က မြန်မာနိုင်ငံ အမျိုးသမီး ဂျာနယ်လစ်အသင်းမှာ တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။

အလွတ်သတင်းထောက်တစ်ဦးဖြစ်တဲ့ မငြိမ်းငြိမ်းအေး ခေါ် မေဘယ်လ်လည်း ပြီးခဲ့တဲ့ နှစ်က ဖမ်းဆီးခံရပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့မှာ ပုဒ်မ - ၅၀၅ (က) နဲ့ပဲ ထောင်သုံးနှစ် ချမှတ်ခံထားရပါတယ်။ သူ့ကိုတော့ လောလောဆယ် ပဲခူးတိုင်း သာယာဝတီထောင်မှာ ဆက်လက်ချုပ်နှောင်ထားပါတယ်။

ပုဒ်မ ၅၀၅ - က နဲ့ အင်းစိန်ထောင်မှာ ဖမ်းဆိးခံထားရတဲ့ ဇနီးဖြစ်သူ သတင်းထောက် ပြန်လွတ်လာမလားဆိုပြီး မနေ့က ထောင်ရှေ့ မိုးရွာထဲမှာ တစ်နေကုန် သွားစောင့်ခဲ့တဲ့ ခင်ပွန်းဖြစ်သူက မနေ့က ည ၇ နာရီအထိ ဇနီးဖြစ်သူ ပြန်လွတ်မလာခဲ့ဘူးလို့ RFA ကို ပြောပါတယ်။

“မနေ့က ညခုနစ်နာရီအထိ အင်းစိန်အကျဉ်းထောင်ရှေ့မှာ သွားစောင့်နေခဲ့တယ်။ အင်းစိန်အကျဉ်းထောင်က လူကုန်တဲ့အထိ စောင့်ခဲ့တယ်။ ဒါပေမဲ့ သူပါမလာဘူး”

RFA က သီးသန့်ပြုစုထားတဲ့ စာရင်းအရ ပြီးခဲ့တဲ့နှစ် စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်အထိ နိုင်ငံတစ်ဝန်းက သတင်းသမား စုစုပေါင်း ၁၄၂ ဦး အဖမ်းခံခဲ့ရပြီး မနေ့ကထိ ၉၂ ဦး ပြန်လွတ်လာခဲ့ပါတယ်။ ကျန်သတင်းသမား ၅၀ ဦးကတော့ အခုချိန်ထိ အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သတင်းထောက်က သတင်းထောက်အလုပ်ကို လုပ်နေရင် ဖမ်းဆီးတာမရှိဘဲ အပြစ်ရှိလို့သာ ဖမ်းဆီးတာလို့ ၂၀၂၂ ခုနှစ်၊ မေလက RFA ကို ပြောခဲ့ဖူးပါတယ်။

ဖမ်းဆီးခံရတဲ့ သတင်းထောက်တွေကို သတင်းမီဒီယာဥပဒေတွေနဲ့ မဟုတ်ဘဲ ရာဇသတ်ကြီး ပုဒ်မတွေ၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေတွေ၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မတွေနဲ့ တရားစွဲ ထောင်ချနေတယ်လို့ ဖမ်းဆီးခံသတင်းသမားတွေရဲ့ ရှေ့နေတွေက RFA ကို မကြာခဏ ပြောဆိုထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က အကျဉ်းသား ၅,၇၇၄ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး အဲဒီအထဲမှာ ပုဒ်မ- ၅၀၅ - က နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၇၁၂ ဦး ပါဝင်တယ်လို့ RFA ကို ပြောပါတယ်။

ဒါပေမဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကတော့ မနေ့ကညပိုင်းအထိ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၅၃ ဦးပဲ ရှိသေးတယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။

မနေ့က အင်းစိန်ထောင်က ပြန်လွတ်လာသူ ၉၀၀ ကျော်မှာလည်း နိုင်ငံရေး ပုဒ်မ- ၅၀၅ (က) နဲ့ တရားစွဲထောင်ချခံရသူ အမျိုးသား ခုနစ်ဦးနဲ့ အမျိုးသမီးတစ်ဦး စုစုပေါင်း ရှစ်ဦးသာ ပါဝင်ပြီး ကျန်သူတွေက ခိုးဆိုးလုယက်မှု ကျူးလွန်သူ၊ တုတ်ဓားကိုင်ဆောင်မှုကြောင့် ထောင်ကျနေသူတွေ ဖြစ်တယ်လို့ ရှေ့နေတွေနဲ့ နိုင်ငံရေးအကျဉ်သား မိသားစုဝင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။