ကရင်တိုင်းရင်းသားလက်နက်ကိုင် လေးဖွဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိ

ကရင်တိုင်းရင်းသား လက်နက်ကိုင် လေးဖွဲ့ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ် ကော်သူးလေ မှာ လက်ရှိအခြေအနေတွေအပေါ် တွေ့ဆုံဆွေးနွေးသွားဖို့ ရှိတယ်လို့ KNU နိုင်ငံခြားရေးဌာနပြောခွင့်ရ ပဒို စောတောနီးက RFA ကို ပြောပါတယ်။

ဒီလိုဆွေးနွေးတာဟာ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ပဋိပက္ခဖြစ်လာမှာကို ရှောင်ရှားနိုင်ဖို့ ဖြစ်တယ်လို့ ပဒိုစောတောနီးက ပြောပေမယ့် တွေ့ဆုံဆွေးနွေးမယ့် ရက်နဲ့ အသေးစိတ်အကြောင်းအရာတွေကို ထုတ်ဖော်ပြောဆိုဖို့တော့ သူက ငြင်းဆန်ပါတယ်။

ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Myanmar Now က ဇွန် ၁၅ ရက် နဲ့ ၁၆ ရက်နေ့တွေမှာ တွေ့ဆုံဆွေးနွေး ကြမှာဖြစ်တယ်လို့ ရေးထားပါတယ်။

တွေ့ဆုံမယ့်အဖွဲ့အစည်းတွေကတော့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသား လွတ်မြောက် ရေး တပ်မတော် - ငြိမ်းချမ်းရေးကောင်စီ (KNLA- PC) ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နဲ့ နယ်ခြား စောင့်တပ် (BGF) တို့ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် DKBA နဲ့ KNLA -PC တို့ဟာ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ လက်နက် ကိုင်အဖွဲ့တွေဖြစ်သလို၊ BGF ဟာလည်း ကရင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ စစ်တပ်နဲ့ KNU တို့အကြား တိုက်ပွဲ တွေအတွင်း စစ်တပ်ဘက်ကနေ ကူညီတိုက်ခိုက်ပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

ဇွန် ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာလုပ်မယ့် အစည်းအဝေး အကြောင်းအရာနဲ့ ပတ်သက်လို့တော့ RFA က BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အစည်းအဝေးရှိနေတဲ့အတွက် မဖြေ နိုင်သေးဘူးလို့သာ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဟာ ၁၉၄၉ ခုနှစ်မှာ စတင်လက်နက်ကိုင်ခဲ့တဲ့ သက်တမ်းရှည်ကြာ တော်လှန်ရေး အဖွဲ့အစည်းဖြစ်သလို၊ အစိပ်စိပ်ကွဲနေတဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ပင်မ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

KNU ကနေ ၁၉၉၄ ခုနှစ်မှာ DKBA က ခွဲထွက်ခဲ့သလို၊ ၂၀၀၇ ခုနှစ်မှာတော့ KNLA -PC က ထပ်မံခွဲ ထွက်ခဲ့ပါတယ်။

ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ BGF ကတော့ ၂၀၀၈ ခုနှစ်မှာ DKBA ကနေ ခွဲထွက်လာပြီး စစ်တပ်ရဲ့ လက်အောက်မှာ နယ်ခြားစောင့်တပ်အဖြစ် လှုပ်ရှားနေတာဖြစ်ပါတယ်။

မနက်ဖြန် ဆွေးနွေးမယ့် ကရင်တိုင်းရင်းသား လက်နက်ကိုင် လေးဖွဲ့မှာ၊ BGF ကလွဲရင် ကျန်တဲ့ သုံးဖွဲ့ စလုံးဟာ ၂၀၁၅ ခုနှစ် သမ္မတဦးသိန်းစိန် လက်ထက်မှာ စစ်တပ်နဲ့ ပစ်ခတ်တိုက်မှုရပ်စဲရေး NCA စာချုပ်ကို လက်မှတ် ထိုးထားတဲ့ အဖွဲ့တွေဖြစ်ပါတယ်။

BGF ကတော့ DKBA ကနေ ခွဲထွက်လာကတည်းက စစ်တပ်ရဲ့ စည်မျဉ်းစည်းကမ်းတွေအောက်မှာပဲ လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် ပူးပေါင်းဆောင်ရွက်နေတာမို့ သီးခြားလက်နက်ကိုင် အဖွဲ့ တစ်ခုအဖြစ် NCA မထိုးဘဲ လှုပ်ရှားဆောင်ရွက်နေတာဖြစ်ပါတယ်။