မိုးဗြဲမြို့ ဘုန်းကြီးကျောင်း လက်နက်ကြီးထိမှန်ပြီး ကလေးနှစ်ဦး အပါအဝင် လေးဦး သေဆုံး
ကယားပြည်နယ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ပေါ်က စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ မွေတော်ဘုရား ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၆ ရက် ဒီကနေ့ မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကလေး နှစ်ဦး အပါအဝင် စုစုပေါင်း လူ လေးဦး သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မိုးဗြဲမြို့က မွေတော်ဘုရား ဘုန်းကြီးကျောင်းမှာ ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် စစ်ဘေးဒုက္ခသည် ၃၀၀ ကျော် ခိုလှုံနေတာဖြစ်ပါတယ်။
ဒီနေ့မနက် ၆ နာရီလောက်မှာ မွေတော်ဘုရား ဘုန်းကြီးကျောင်းကို လက်နက်ကြီး ထိမှန် တာကြောင့် ကလေး နှစ်ဦး အပါအဝင် လူ လေးဦး သေဆုံးပြီး နောက်ထပ် ကိုးဦး ဒဏ်ရာ ရခဲ့တာလို့ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ကလေးငယ်နှစ်ဦးနဲ့ အမျိုးသား နှစ်ဦးးဟာ ဦးခေါင်းနဲ့ ဝမ်းဗိုက်တွေကို လက်နက်ကြီး ထိမှန်တာကြောင့် နေရာမှာတင် သေဆုံးသွားခဲ့တာလို့ အရေးပေါ် ကယ်ဆယ်ကုသ ရေးလုပ်နေတဲ့ Mobye Rescue Team တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ညထဲက လက်နက်ကြီးထုသံတွေ ကြားနေရတာ။ ဒီမနက်ကျတော့ ဘုန်ကြီး ကျောင်းထဲအထိ ကျလာတာပေါ့နော်။ ဒီမှာက ပစ်ခတ်သံကြားရင် လူတွေကလုံခြုံ တယ်လို့ ယူဆတဲ့ ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေမှာ လာရှောင်နေကြတာ။ ကလေးနှစ်ယောက်နဲ့ အမျိုးသား နှစ်ယောက်က လက်နက်ကြီးစတွေ ခေါင်းနဲ့ ဗိုက် တွေမှာ မှန်သွားတော့ ဆုံးသွားတယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်”
သေဆုံးသူ လေးဦးအနက် ကလေးနှစ်ဦးက အသက် ခုနစ်နှစ်နဲ့ ၁၀နှစ်အရွယ် ညီအစ်မ တွေဖြစ်ပြီး၊ လူကြီး နှစ်ဦးကတော့ အသက် ၅၀ ကျော် အရွယ်တွေလို့ သူက ဆိုပါတယ်။ မိသားစုဝင်တွေရဲ့ လုံခြုံရေးအခြေအနေကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရဲ့ အမည် အတိအကျကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
ဒဏ်ရာရသူ ကိုးယောက်မှာ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား ရှစ်ဦး ပါဝင်ပြီး အရေးပေါ် ဆေးကုသနိုင်ရေး ဆောင်ရွက်ပေးနေတယ်လို့ Mobye Rescue Team တာဝန်ရှိသူတွေက ပြောပါတယ်။
မိုးဗြဲမြို့မှာ စက်တင်ဘာလဆန်းကစလို့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပေမယ့် စက်တင်ဘာ ၁၂ ရက်နေ့ကစလို့ အပြန်အလှန် ပစ်ခတ်မှုတွေ ခေတ္တငြိမ်သက်သွားပြီး ဒီကနေ့မနက်ပိုင်းကျမှ ဘုန်းကြီးကျောင်းကို လက်နက်ကြီး ထိမှန်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေငြိမ်သွားမှာ ဒုက္ခသည်တွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို လက်နက်ကြီး ထိမှန်တာဟာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာလို့ မိုးဗြဲဒေသခံ ကိုသစ္စာက ပြောပါတယ်။
“ဒီရက်ပိုင်းမှာက တိုက်ပွဲဖြစ်တာ မရှိဘူး။ ဘာမကျေနပ်လို့လဲတော့ မသိဘူး လက်နက် ကြီးတွေနဲ့ ပစ်နေတာ။ ကျနော်ကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ကို ပစ်တယ်လို့တောင် ယူဆတယ်”
ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ ဦးအောင်ဝင်းဦး ကို RFA က ဒီနေ့နေ့လယ်ပိုင်းမှာ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ စစ်ကောင်စီတပ်သားတွေ မိုးဗြဲမြို့ထဲကို လက် နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက်လာတာကြောင့် ပြည်သူတွေ သတိထားနေထိုင်ကြဖို့ စက်တင်ဘာ ၁၅ ရက် မနေ့က သတိပေးချက် ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၉ရက်နေ့ကလည်း မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ငါးနှစ် အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
လက်နက်ကြီးထိမှန်ပြီး မီးလောင်မှုကြောင့် လူနေအိမ် ၁၀၀ ကျော် ပျက်စီးခဲ့ကြောင်း ကရင်နီ အရပ်ဘက်အစည်းတွေက စက်တင်ဘာ ၁၅ ရက် မနေ့က ထုတ်ပြန်ပါတယ်။
တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ စက်တင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ချက် အရ စစ်အာဏာသိမ်း ၁၉ လအတွင်း နယ်မြေချင်းထိစပ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲနဲ့ ဖယ်ခုံ အပါအဝင် ကယားပြည်နယ်တစ်ခုလုံးမှာ သေဆုံးသူ ၃၂၂ ဦး ရှိပါတယ်။