နွားထိုးကြီးမှာ NLD ပါတီဝင်တွေ အပါအဝင် လေးဦးအသတ်ခံရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေ အပါအဝင် ဒေသခံလေးဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက နိုဝင်ဘာလ ၇ ရက် ဒီနေ့ RFA ကိုပြောပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ နွားထိုးကြီးမြို့ အမှတ် (၈) ရပ်ကွက်က NLD ပါတီဝင် အသက် (၅၉) နှစ်အရွယ် ဦးသန်းမြင့်ဆွေ၊ အမှတ် (၇) ရပ်ကွက်က NLD ပါတီဝင် အသက် (၄၂) နှစ်ရွယ် မဘဲဥ (ခေါ်) ဒေါ်အေးမြတ်မွန်၊ ဆူးဖြူကန်ရွာက NLD ပါတီထောက်ခံသူ အသက် (၅၅) နှစ်အရွယ် ဦးစောရွှနဲ့ နောက်ထပ် အမည်သိရသေးတဲ့ အသက် (၂၅) နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့ ညပိုင်းမှာ သူတို့ရဲ့ နေအိမ်တွေကို စစ်ဝတ်စုံယူနီဖောင်းဝတ်ထားတဲ့ လူတွေရောက်လာပြီး ဧည့်စာရင်းအကြောင်းပြ ဖမ်းခေါ်သွားပြီး နောက်တစ်နေ့မနက်မှာ သေနတ်ဒဏ်ရာနဲ့ ရုပ်အလောင်းတွေကို ပြန်တွေ့ခဲ့ရတာလို့ နွားထိုးကြီးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့ညကြီး စစ်ဝတ်စုံတွေနဲ့ လာဖမ်းပြီးတော့ ခေါ်သွားပြီး သတ်ပြီးတော့ လမ်းတွေပေါ်ချခဲ့တာ။ ဦသန်းမြင့်ဆွေရဲ့ အိမ်ဆိုရင် ၂၀၁၅ ပြီးတော့ သူ့အိမ်မှာ NLD ရဲ့ ပါတီဆိုင်းဘုတ် ထောင်ထားတာ။ မဘဲဥကလည်း NLD ပါတီဝင်ပဲ”

ဘယ်အဖွဲ့အစည်းက ပစ်ခတ်သတ်ဖြတ်ခဲ့တယ် ဆိုတာတော့ တိတိကျကျ မသိရသေးဘူးလို့ အဲဒီဒေသခံက ဆိုပါတယ်။

ဦးသန်းမြင့်ဆွေ၊ မဘဲဦးနဲ့ နောက်ထပ်အမည်မသိ အမျိုးသားအလောင်းတစ်ခုကို နွားထိုးကြီးမြို့နယ် ဇေဒိတ်ရွာ အနီးမှာတွေ့ခဲ့ရပြီး ဦးစောရွှေရဲ့ ရုပ်အလောင်းကိုတော့ လက်ပန်ရွာနားမှာ ပြန်တွေ့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

NLD ပါတီရဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့ထိ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက် ပါတီဝင် ၅၅ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာလ ၄ ရက်နေ့ထိ စာရင်းအရ အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို ဆန့်ကျင်သူနဲ့ ပြည်သူစုစုပေါင်း ၂၄၁၃ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။