စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ထန်းကြီးရွာကို စစ်ကောင်စီတပ်သားတွေ မနေ့က မီးရှို့ခဲ့ပြီးနောက် ပြန်ထွက်သွားချိန် ရွာထဲမှာ မီးရှို့ခံထားရတဲ့ ရုပ်အလောင်းလေးခု တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမျိုးသားအလောင်းလို့ ယူဆရတဲ့အလောင်းတွေ တွေ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
''အမျိုးသား အလောင်းလို့ ယူဆရတဲ့ အလောင်းလေးလောင်း မီးရှို့ခံထားရတာကို တွေ့တယ်။ သတ်ပစ်ပြီးမှ မီးပါရှို့ထားခဲ့တာတာ။ ပုံပျက်နေပြီဆိုတော့ ဘယ်သူတွေ ဆိုတာလည်း တိတိကျကျပြောဖို့ ခက်တယ်။ စစ်တပ်က လုပ်သွားခဲ့တာလို့ပဲ ပြောရမယ်"
အိမ်ခြေလေးရာကျော်ရှိတဲ့ အဲဒီရွာလည်း တစ်ဝက်နီးပါး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ မနေ့မှာပဲ ထန်းကြီးရွာကနေ စစ်ကိုင်းနယ်စပ်က ကျောင်းဖြူ ရွာဘက်ကို ရောက်သွားပြီးနောက်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့တပ်ဖွဲ့တွေက နေအိမ်တွေကို မီးရှို့တယ်ဆိုတာ စွပ်စွဲချက်တွေသာဖြစ်ပြီး အရပ်သားတွေထိခိုက်အောင် ဘယ်လိုနည်းနဲ့မှ လုပ်စရာ အကြောင်းမရှိဘူးလို့ RFA ကို အရင်က တုံ့ပြန်ငြင်းဆိုထားပါတယ်။
ဝက်လက်မြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လလုံးနီးပါး စစ်ကောင်စီတပ်တွေ ရွာတွေထဲ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာကြောင့် ရွာပေါင်း ၁၀ ရွာက ဒေသခံ ခြောက်ထောင်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဝက်လက် ဒေသခံတွေက ပြောပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အခုနှစ် ဩဂုတ်လ ၂၅ ရက်အထိ စစ်ကိုင်းတိုင်း မှာ နေအိမ် ၂၀,၁၅၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။