မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် ရွာတန်းတိုက်နယ် ခံဘူးရွာမှာ နေ့စဉ်လုပ်နေတဲ့ လောင်းကစားဝိုင်းအတွင်း နိုဝင်ဘာလ ၅ ရက် မနေ့ည ၈ နာရီဝန်းကျင်က လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့လို့ ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလောင်းကစားဝိုင်းထဲမှာရှိတဲ့ ဂေါက်ဂစ်ခုံနောက်ကျောမှာ ပေါက်ကွဲတာကြောင့် အနီးနားမှာရှိတဲ့ အမျိုးသားလေးဦး ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့က လုပ်ခဲ့သလဲဆိုတာတော့ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဒဏ်ရရတဲ့အထဲက နှစ်ဦးကတော့ ရွာတန်းတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး နောက်ထပ်နှစ်ဦးကတော့ ဒဏ်ရာပြင်းထန်တာကြောင့် ရမည်းသင်းမြို့နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပေါက်ကွဲမှုကြောင့် လောင်းကစားဝိုင်းကိုတော့ ရပ်နားလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရွာတန်းတိုက်နယ်ဒေသမှာ လောင်းကစားဝိုင်း တွေကို ညတိုင်းနီးပါး ပြုလုပ်နေပြီး စစ်ကောင်စီရဲ့ ဒေသတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လည်း မသိချင်ယောင် ဆောင်ထားကြတာလို့ ဒေသခံတွေက ပြောပါတယ်။
လောင်းကစားဝိုင်းဒိုင်တွေဟာ နယ်မြေခံ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အခကြေးငွေပေးပြီး လုပ်နေတာလို့ ဒေသခံတွေက ပြောဆိုပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေး ပါဘူး။