ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ပဒါးညေးရွာအနီးကို စက်တင်ဘာလ ၁၇ ရက် မနေ့မနက်က လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံ နှစ်ဦး သေဆုံးပြီး၊ လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ ရင်ဘက်နဲ့ ဦးခေါင်းတွေကို လက်နက်ကြီးကျည်ထိမှန်ခဲ့ပြီး သူတို့ကို စက်တင်ဘာ ၁၈ ရက်မှာ သင်္ဂြိုဟ်လိုက်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ပရဟိတ အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ဆုံးသွားတဲ့ ဒေသခံ နှစ်ဦးထဲမှာ တစ်ဦးက အမျိုးသမီးပေါ့၊ သူ့ကိုတော့ ဒီနေ့ လေးမိုင် သုဿန်မှာ သင်္ဂြိုဟ်မယ်၊ ကျန်တစ်ဦးကိုတော့ ဘယ်လိုစီစဉ်ထားလဲဆိုတာ ဟိုရောက်မှ သိရမယ်၊ အဲဒီရွာတွေက လိုင်းဖြတ်ထားတော့ အဖွဲ့ကလူတွေ ပြန်လာမှ အကြောင်းစုံ သိရမှာပါ၊ ဒဏ်ရာရတဲ့ သူတွေကတော့ မပြင်းထန်ဘူးလို့ သိထားတယ်"
လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ပဒါးညေးရွာ ကနေအိမ်တစ်လုံး မီးလောင်ပျက်စီး ခဲ့ပြီး၊ ဒေသခံ ၅၀၀ နီးပါးလည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေပါတယ်။
လက်နက်ကြီးကျည်က ပဒါးညေးရွာ အရှေ့ဘက်ကနေ လာတာဖြစ်ပေမယ့် ဘယ်အဖွဲ့ အစည်းက ပစ်တယ်ဆိုတာ အတည်မပြုနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလ ၁၇ရက် မနေ့က စစ်ကောင်စီတပ် နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်း KNDF က တစ်ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်က သုံးဦး သေဆုံးခဲ့တယ်လို့ KNDFက ထုတ်ပြန်ထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် စက်တင်ဘာ ၁၄ ရက်အထိ ကယားပြည်နယ်မှာ အရပ်သား ၂၆၇ ဦး သေဆုံးခဲ့ပြီး ၂၀၂၁၁၅ ဦး အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကရင်နီ လူမှု အသင်းအဖွဲ့များကွန်ရက်က စက်တင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။