အလွတ်သတင်းထောက် မသူဇာ ထောင် ၂ နှစ် ချမှတ်ခံရ

2022.11.22
အလွတ်သတင်းထောက် မသူဇာ ထောင် ၂ နှစ် ချမှတ်ခံရ အလွတ်သတင်းထောက် အလှလေးသူဇာ (ခေါ်) မသူဇာကို တွေ့ရစဉ်။
ဓာတ်ပုံ - မသူဇာ - ဖေ့စ်ဘွတ်ခ်

အလွတ်သတင်းထောက် အလှလေးသူဇာ (ခေါ်) မသူဇာကို နိုဝင်ဘာလ ၂၂ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ အင်းစိန်ထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၂ နှစ် ချမှတ် လိုက်တယ်လို့ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။

မသူဇာဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ အဖမ်းခံခဲ့ရပြီး ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့မရဲစခန်းကနေ နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ - က နဲ့ စက်တင်ဘာလ ၂၉ ရက်နေ့မှာ အမှုဖွင့်အရေးယူခဲ့တာပါ။

ဖမ်းဆီးခံထားရပြီး ၁၆ လအကြာမှာ အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး ချုပ်ရက်တွေကို ထုတ်နုတ်ခံစားခွင့်ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။

"ဟုတ်ပါတယ်။ ဒီနေ့လယ် ၁ နာရီခွဲက ထောင်တရားရုံးက ၂ နှစ် ချလိုက်ပါတယ်၊ ချုပ်ရက်တွေကို ထုတ်နုတ် ခံစားခွင့်ရှိတာမလို့ မကြာခင် ပြန်လွတ်မှာပါ"

မသူဇာဟာ ပြည်တွင်း၊ ပြည်ပ သတင်းဌာနအချို့မှာ ၁၄ နှစ်နီးပါး လုပ်ကိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလမှာ အလုပ်ကနေ အနားယူထားတာဖြစ်လို့ အခုလို ထောင်ချခံရတဲ့အပေါ် ဝမ်းနည်းရတယ်လို့ မိခင်ဖြစ်သူ RFA ကို ပြောပါတယ်။

"ဝမ်းတော့ ဝမ်းနည်းတာပေါ့၊ ဒါပေမဲ့ ၂ နှစ်ဆိုတော့လည်း ဘယ်တတ်နိုင်မလဲ။ လွတ်ငြိမ်းချမ်းသာခွင့်မှာ ပါမလား ပါမလား မျှော်နေတာ မပါခဲ့ဘူး။ သမီး အထဲမှာ နေကောင်းကျန်းမာပါတယ်။ စိတ်မာတဲ့သူဖြစ်လို့ သူ့ကို အမိန့်ချလိုက်တဲ့အပေါ်လည်း ဘာမှ တုန်လှုပ်မနေဘူး"

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သတင်းသမားတွေဟာ သတင်းထောက် အလုပ်ကို လုပ်နေရင် ဖမ်းဆီးတာမရှိဘဲ၊ အပြစ်ရှိလို့သာ ဖမ်းဆီးတာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလက RFA ကို ဖြေဆိုခဲ့ဖူးပါတယ်။

RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက် ပြီးခဲ့တဲ့ ကြာသပတေးနေ့ အထိ နိုင်ငံတစ်ဝန်းမှာ ဂျပန်သတင်းထောက် ကူဘိုတာ အပါအဝင် သတင်းသမား ၁၄၃ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ကတော့ အဖမ်းခံရပြီး ရက်ပိုင်း အကြာ စစ်ကြောရေးမှာတင် နှိပ်စက်ညှဉ်းပန်းခံရပြီး သေဆုံးခဲ့ပါတယ်။

ဆက်လက် အကျဉ်းကျခံနေရသူ ၁၄၂ ဦးအနက် ပြီးခဲ့တဲ့ ကြာသပတေးနေ့အထိ ဂျပန်နိုင်ငံသား ကူဘိုတာ အပါအဝင် သတင်းသမား ၉၅ ဦး ပြန်လွတ်လာပါတယ်။ ဒါကြောင့် မသူဇာ (ခ) အလှလေးသူဇာ အပါအဝင် သတင်းထောက် ၄၇ ဦး အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီး အကျဉ်းချခံထားရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။