မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက အနီးပတ်ဝန်းကျင်ရွာတွေကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စစ်ကြောင်းထိုးစဉ် လူ ၁၀ ဦးသတ်ဖြတ်ခံရပြီး နေအိမ်တချို့လည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသခံတွေက ပြောပါတယ်။
အင်အား နှစ်ရာခန့်ပါတဲ့ စစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၁၄ ရက် မနက် ၆ နာရီမှာ သင်တောရွာက အရပ်သား ခုနစ်ဦးကို ဖမ်းဆီးပြီး သင်တောရွာတောင်ဘက် ဘုရားကုန်းနေရာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနက် ၉ နာရီခွဲမှာတော့ သင်တောရွာနဲ့ကပ်ရပ် ရွှေဘိုရွာကို ဝင်ရောက်စီးနင်းပြီး နောက်ထပ် အရပ်သား နှစ်ဦးကို ထပ်မံဖမ်းဆီးသတ်ဖြတ်ခဲ့သလို ကံတိုးရွာက အရပ်သား တစ်ဦးကတော့ စစ်ကြောင်းက ပစ်ခတ်တဲ့ ကျည်ဆံထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကြောင်းဝင်လာစဉ် ထွက်မပြေးနိုင်ဘဲ ပိတ်မိနေတဲ့ ပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာလို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ကြောင်းက သုံးကြောင်းခွဲပြီးဝင်တာ။ သင်တောရွာမှာ ပဲရိတ်ဖို့ထွက်လာတဲ့ သူတွေ၊ ရွာမှာ နွားစာကျွေးပြီး ကျန်နေတဲ့သူတွေကို ဖမ်းဆီးပြီး သတ်ဖြတ်တာပါ။ အကုန်လုံးက အရပ်သားတွေချည်းပဲ။ သင်တောရွာ တောင်ဘက် သင်တောနဲ့ ရွှေဘိုကြားမှာ ဘုရားကုန်းဆိုတဲ့နေရာရှိတယ် အဲဒီနေရာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ထားတာ။ ရွှေဘိုရွာမှကျတော့ ပေါင်ကိုကျည်ဆံမှန်ထားတဲ့ ပြည်သူတစ်ဦးက တရွတ်တိုက်ပြေးနေတာမှာ နားထင်ကိုတေ့ပစ်တယ်လို့ သတင်းရတယ်။ နောက် ပုန်းနေတဲ့ ပြည်သူတစ်ဦး ဖမ်ဆီးသတ်ဖြတ်ခံရတယ်။ နောက်ဆုံး တစ်ဦးကတော့ ရွှေဘိုရွာပတ်ပတ်လည်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်တာမှာ ကျည်ထိပြီးဆုံးတာ”
သေဆုံးသူတွေအပြင် သင်တောရွာက အမျိုးသမီးတချို့ကိုလည်း စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက သူတို့ အထိုင်ချထားတဲ့ မြောက်ခင်ရန်းရွာကို ဖမ်းခေါ်သွားပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။
သင်တောရွာက သတ်ဖြတ်ခံရသူ ခုနစ်ဦးကတော့ အသက် ၅၆ နှစ်အရွယ် ဦးဘိုသန်းနဲ့ ဦးပြူးသာ၊ ၅၂ နှစ်အရွယ် ဦးဌေးအောင်၊ ၃၆ နှစ်အရွယ် ကိုတင့်လွင်နဲ့ ကိုမောင်နိုင်၊ ၃၃ နှစ်အရွယ် ကိုမောင်ပုနဲ့ အသက် ၂၆ နှစ်အရွယ် ကိုကျော်မိုးလွင်တို့ ဖြစ်ကြပါတယ်။
နောက်ထပ်ဖြတ်ခံသူသုံးဦးကတော့ ရွေဘိုရွာသားတွေဖြစ်တဲ့ ၃၇ နှစ်အရွယ် ကိုမျိုးသန့်နဲ့ ၂၅ နှစ်အရွယ် ကိုတိုးလွင်၊ ကံတိုးရွာသား ၃၅ နှစ်အရွယ် ကိုဇော်လင်းအောင်တို့ ဖြစ်ကြပါတယ်။
စစ်ကြောင်းထိုးစဉ် သင်တောရွာက နေအိမ် ၂၀ နဲ့ ရွှေဘိုရွာက နေအိမ် ၆ လုံးတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး အဲဒီရွာတွေက အရပ်သားတွေ ပိုင်ဆိုင်တဲ့ ဆန်၊ ဆီနဲ့ အခြေခံစားသောက်ကုန်တွေကို ကားကြီး၊ ကာငယ်တွေနဲ့ မြောက်ခင်ရန်းရွာကို သယ်ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ သူ့အနေနဲ့ ဒီဖြစ်ရပ်ကို မသိရှိသေးကြောင်း ပြန်လည်ဖြေဆိုပါတယ်။
စစ်ကောင်စီကို ထောက်ခံရေးသားတဲ့ တယ်လီဂရမ်ချန်နယ်တွေမှတော့ ဂန့်ဂေါမြို့နယ် ရွေဘိုရွာအနီးက PDF စခန်းတွေကို လုံခြုံရေးတပ်ဖွဲ့များက သွားရောက်ရှင်းလင်းတဲ့အခါမှာ PDF အလောင်း ခုနစ်ခုနဲ့အတူ လက်နက်ခဲယမ်းတွေနဲ့ မိုင်းတွေ သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။
ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့ သေဆုံးသူတွေဟာ PDF တွေ မဟုတ်ကြောင်းနဲ့ သတ်ဖြတ်ခံရသူတွေရဲ့ အလောင်းတွေကို ဘောင်းဘီတွေ ပြောင်းဝတ်ထားပေးပြီး PDF သဖွယ် ထင်ယောင်ထင်းမှာဖြစ်အောင် လုပ်ဆောင်ထားတာကို တွေ့ရတယ်လို့ ပြောပါတယ်။
စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ ရွာတွေဟာ စစ်တပ်နဲ့ ပျူစောထီးအထိုင်ချထားတဲ့ မြောက်ခင်ရန်းရွာနဲ့ နှစ်မိုင်ခန့်သာဝေးတဲ့ ရွာတွေဖြစ်ပြီး ရွှေဘိုရွာက အိမ်ခြေ ခုနစ်ရာခန့်နဲ့ သင်တောရွာက အိမ်ခြေ နှစ်ရာကျော်ရှိတဲ့ ရွာတွေဖြစ်ပြီး မကြာခဏ စစ်ကြောင်းထိုးခံရတဲ့ ရွာတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ အထိုင်ချထားတဲ့ မြောက်ခင်ရန်းရွာကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က စစ်ကောင်စီဆန့်ကျင်ရေး မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာတော့ ဖိုးတေနဲ့ သားထောင်ဆိုတဲ့ PDF လူငယ်နှစ်ဦးကို စစ်တပ်နဲ့ ပျူစောထီးဘက်က ဖမ်းမိသွားပြီး အဲဒီရွာမှာပဲ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ ယောကာကွယ်ရေးတပ်ဖွဲ့ (YDF) က ထုတ်ပြန်ထားပါတယ်။