ဂန့်ဂေါရဲစခန်းက နိုင်ငံရေးအကျဉ်းသားတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရ

RFA Burmese
2024.03.20
ဂန့်ဂေါရဲစခန်းက နိုင်ငံရေးအကျဉ်းသားတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရ ဂန့်ဂေါ မြို့မရဲစခန်းကို တွေ့ရစဉ်။
PPNM

မကွေးတိုင်း၊ ဂန့်ဂေါမြို့မရဲစခန်းရဲ့ အချုပ်ခန်းသုံးခုမှာ ချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဆိုးရွားစွာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က မတ်လ ၂၀ ရက်နေ့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဂန့်ဂေါမြို့မရဲစခန်းရဲ့ အချုပ်ခန်းသုံးခုမှာ အကျဉ်းသားစုစုပေါင်း ကိုးဆယ်ခန့်ရှိနေပြီး အဲဒီအထဲမှာ အမိန့်ချမှတ်ပြီး နိုင်ငံရေးအကျဉ်းသား သုံးဆယ်ကျော်နဲ့ အကျဉ်းသူ ဆယ်ယောက်ကျော် ပါဝင်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်ပြီးကတည်းက ထောင်ကိုသွားမယ့်လမ်း လုံခြုံရေးမပေးနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အဲဒီ စခန်းမှာပဲ ဆက်ချုပ်ထားတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။

“အကြောင်းပြချက်ကတော့ ထောင်ကို လမ်းလုံခြုံရေးမပေးနိုင်တာကို အကြောင်းပြတယ်ပေါ့”

ထောင်မပို့ဘဲ အချုပ်ခန်းမှာ ဆက်ချုပ်ထားတာကြောင့် တစ်လတစ်ကြိမ် မိသားစုနဲ့တွေ့ဆုံခွင့်မရသလို အမိန့်ချမှတ်ပြီးသူတွေလည်း ထောင်ဝင်နံပါတ်မရဖြစ်နေပြီး လျှော့ရက်ခံစားခွင့်နဲ့ လွတ်ငြိမ်းခံစားခွင့်တွေ ဆုံးရှုံးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကျဉ်းသားတွေဟာ အချုပ်ခန်းကျဉ်းထဲ ကျပ်ညပ်စွာနေထိုင်နေရပြီး အခြေခံလိုအပ်ချက်နဲ့ စားသောက်နေထိုင်ရေး အပြည့်အ၀မရဘဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂန့်ဂေါရဲစခန်းမှာ ရှေ့တန်းထွက်တဲ့ စစ်ကောင်စီတပ်သားတွေ အဝင်အထွက်ရှိတာကြောင့် အကျဉ်းသားတွေကို မကြာခဏ ခေါ်ယူညှဉ်းပန်းနှိပ်စက်တာတွေပါ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ရုံးဖုန်းကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

အဲဒီအချုပ်ခန်းတွေမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အနည်းဆုံး ထောင်ဒဏ်သုံးနှစ်က ထောင်ဒဏ် တစ်သက်အထိ ချမှတ်ခံထားရသူတွေဖြစ်တယ်လို့ (PPNM) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မတ်လ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက ပြည်သူနှစ်သောင်းကျော် (၂၀၁၁၉ ဦး) ဖမ်းဆီးခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။