ဂန့်ဂေါ မြောက်ခင်ရန်းရွာကနေ ဒေသခံနှစ်ရာနီးပါး ထွက်ပြေးလာ
2023.12.18
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက ပျူစောထီးရွာလို့ ဒေသခံတွေပြောဆိုကြတဲ့ မြောက်ခင်ရန်းရွာကနေ ဒီဇင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်နေ့မှာ ဒေသခံ ၁၉၃ ဦး ထွက်ပြေးလာတယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံငါးဆယ်ကျော်ဟာ လယ်ထဲမှာ စပါးရိတ်သိမ်းဖို့သွားမယ်လို့ အကြောင်းပြ ထွက်ပြေးခဲ့တာဖြစ်ပြီး ကျန်တဲ့ သူတွေက နောက်ရက်တွေမှာ ထွက်ပြေးလာတာလို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
"ဒီလ ၁၂ ရက်နေ့မှာ လူပေါင်းငါးဆယ်ကျော်က သူ့လယ်တော၊ ကိုယ့်လယ်တောကို စပါးရိတ်သွားမယ်ဆိုပြီး တံစဉ်တွေ၊ ပလိုင်းတွေနဲ့ အသာခိုးထွက်ပြီး ပြေးခဲ့ကြတယ်ဗျ။ သူတို့က ကျေးရွာမှာ မနေချင်တာကြောင့်မို့လို့ အိုးအိမ်တွေ၊ လယ်တွေ၊ ယာတွေ၊ ကျွဲတွေ၊ နွားတွေ စွန့်ခွာပြီး ပြေးခဲ့ကြတဲ့ လူတွေရှိပါတယ်။ ကျွန်တော်တို့ဆီကို ပထမ ရောက်လာတာက ၁၈၉ ယောက်၊ နောက်ထပ်ရောက်လာတာက လေးယောက်၊ စုစုပေါင်း ၁၉၃ ယောက် ကျွန်တော်တို့ဆီကို ရောက်လာပါတယ် "
ဒေသခံအချို့ ထွက်ပြေးသွားတာကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ သိချိန်မှာ အခြား ဒေသခံတွေကိုလည်း မနေချင်ရင် ရွာကနှစ်ရက်အတွင်းထွက်ဖို့ ပြောတာကြောင့် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ နောက်ထပ်တစ်ရာကျော် ထွက်ပြေးလာတယ်လို့ ဆိုပါတယ်။
အချို့ဒေသခံတွေက လှည်းတွေနဲ့ ထွက်ခွာလာကြသလို အချို့ကတော့ ထွန်စက်တွေနဲ့ပါ တစ်ပိုင်တစ်နိုင် ပစ္စည်းတွေသယ်ပြီး ထွက်လာကြတာလို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
နောက်ထပ် ထွက်ချင်တဲ့သူတွေကိုတော့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေက ဒီဇင်ဘာလ ၁၄ ရက် နေ့မှာ ရိုက်နှက်မှုတွေ လုပ်ဆောင်လာတာကြောင့် ရွာထဲပြန်ဝင်ပြီး နေထိုင်နေရတယ်လို့ ဆိုပါတယ်။
ထွက်ပြေးလာသူတွေကိုတော့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ခေါ်ယူစောင့်ရှောက်ထားပြီး နီးစပ်ရာဆွေမျိုးတွေဆီကို ပို့ဆောင်ပေးနေတယ်လို့ ပြောပါတယ်။
လက်ရှိ မြောက်ခင်ရန်းရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဆယ်ခန့်နဲ့ ပျူစောထီးအဖွဲ့ဝင် ၁၈၀ ခန့်ရှိပြီး သက်ကြီး ရွယ်အိုတွေ၊ ကလေးတွေနဲ့ နာမကျန်းဖြစ်သူတွေ အပါအဝင် ရွာကထွက်မရသေးသူ ဒေသခံနှစ်ရာကျော်ခန့် ကျန်နေသေးတယ်လို့လည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ မေလကလည်း မြောက်ခင်ရန်းရွာက ဒေသခံနှစ်ရာခန့် ထွက်ပြေး လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။