ရွှေဈေးကွက်ကို ထိန်းနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့ကစလို့ ရွှေဒင်္ဂါးပြားတွေကို ထုတ်ရောင်းခဲ့ပေမယ့် သူတို့သတ်မှတ်ထားတဲ့ ဈေးအတိုင်းမဟုတ်ဘဲ ပြင်ပပေါက်ဈေးတွေနဲ့ပဲ ရောင်းချနေတာကြောင့် မျှော်မှန်းသလို ဖြစ်မလာဘူးလို့ ရွှေလုပ်ငန်းလုပ်သူတွေက ပြောပါတယ်။
ပြင်ပဈေးကွက်မှာ ကျပ်သိန်း ၃၀ ကျော်နေတဲ့ ရွှေဈေးကွက်ကို ထိန်းချုပ်ဖို့အတွက် စစ်ကောင်စီက ကြိုးပမ်းနေပေမယ့် သိသာတဲ့ အပြောင်းအလဲ ဖြစ်မလာနိုင်ဘူးလို့ ရန်ကုန်မြို့နေ ရွှေလုပ်ငန်းရှင်တစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။
“ ပထမကြေညာတာက ဈေးတစ်မျိုး။ အခုရောင်းတာက ဈေးတစ်မျိုးဖြစ်နေတာ အားလုံးအသိပဲလေ။ ကိစ္စကြီးတစ်ခုကို လျော့စေချင်ရင် ဖြေရှင်းနည်းက ကုန်သည်တွေလက်ထဲကထက် ပိုရောင်းပေးရမှာ။ သူကဘယ်လောက်အထိ ရောင်းနိုင်မလဲဆိုတာလည်း မသိဘူး။ ဆေးမြီးတိုနဲ့ကုနေတာ။ ဒီပုံစံ ဒီအခြေအနေတွေကို မထိန်းသိမ်းနိုင်ဘူးဆိုတာကလည်း အားလုံးအသိပဲလေ”
စစ်ကောင်စီက ရောင်းချတဲ့ ရွှေဒင်္ဂါးပြားတွေကို ရန်ကုန်တိုင်းရွှေအသင်းရဲ့ တရားဝင်ဖွင့်လှစ်တဲ့ဈေးနဲ့ရောင်းချတာမဟုတ်ဘဲ ပြင်ပ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချနေတာဖြစ်ပြီး တစ်ကျပ်သား ရွှေဒင်္ဂါးပြား တစ်ပြားကို ငွေကျပ် ၂,၉၅၀,၀၀၀ နဲ့ ရွှေဒင်္ဂါးပြားထည့်တဲ့ ဘူးတစ်ဘူးကို ငွေကျပ် ၄၀,၀၀၀ စုစုပေါင်းငွေကျပ် ၂,၉၉၀,၀၀၀ နဲ့ မနေ့ စက်တင်ဘာ ၅ ရက် ကစလို့ နေပြည်တော်ကျောက်မျက်ရတနာပြတိုက်မှာ ရောင်းချနေတာပါ။
အခုလိုရွှေဒင်္ဂါးတွေကို အပြင်ပေါက်ဈေးအတိုင်းရောင်းချတာဟာ ဒီနေ့ရောင်းရတဲ့ ငွေနဲ့ နောက်နေ့ရွှေ ကုန်ကြမ်းပြန်ဝယ်ရတာဖြစ်ပြီး ပြင်ပမှာ အကယ်မီမီးလင်းရွှေ တစ်ကျပ်သားကို ငွေကျပ်သိန်း ၃၀ ကျော်နေတာကြောင့် ရန်ကုန်တိုင်းရွှေအသင်းရဲ့ သတ်မှတ်ဈေးနှုန်းအတိုင်း မရောင်းချနိုင်တာဖြစ်တယ်လို့ ရန်ကုန်းရွှေလုပ်ငန်းရှင်အသင်း တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“ရွှေအသင်းက သတ်မှတ်ထားတဲ့ ဈေးအတိုင်းရောင်းရင် ဈေးကွက်မှာ တန်းစီတိုးပြီး ဈေးကစားတဲ့အခြေအနေတစ်ခုပေါ်လာမှာ။ ဒီအတိုင်းပဲရောင်းပေးရင် ဈေးကွက်က နှစ်ခု ဖြစ်လာမှာပေါ့။ တန်းစီတိုးပြီး အပြင်မှာ ပြန်ရောင်းစားကြမှာပဲ။ အရင်တုန်းကလည်း အဲဒီလိုဖြစ်ခဲ့တာပဲ။ ရွှေဒင်္ဂါးရောင်းတဲ့နေရာတင် တစ်သောင်းလောက်ဈေးပိုပေးပြီး ပြန်ဝယ်တဲ့ ဈေးကွက်ရှိခဲ့တာ”
ရွှေအဓိကလုပ်ကိုင်နေတဲ့ ကချင်ပြည်နယ် ၊ တနိုင်း မြို့နယ်ထဲမှာ စက်သုံးဆီ တစ်ပီပါ ကို ငွေကျပ် ၁၀ သိန်းကျော်နေတာကြောင့် ထုတ်လုပ်စရိတ် များပြားနေပြီး ရွှေဈေးလည်း လျှော့ချလို့ မရသေးဘဲ ရုရှားက စက်သုံးဆီတွေရောက်ပြီးရင် ရွှေဈေးက ပြန်ကျလာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။
စစ်ကောင်စီရဲ့ သယံဇာတနဲ့ သဘဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကတော့ တစ်ကျပ်သား ၊ ငါးမူးသားနဲ့ တစ်မတ်သား အလေးချိန်ရှိတဲ့ ရွှေဒင်္ဂါးပြားတွေကို လွတ်လပ်စွာရောင်းချမယ်လို့ စက်တင်ဘာ ၂ ရက်က ကြေညာခဲ့တာပါ။ ဒါပေမဲ့ ဘယ်လောက်အထိ ရောင်းချမယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း ပြောကြားထားတာမျိုး မရှိပါဘူး။
ဒီကနေ့ စက်တင်ဘာ ၆ ရက် အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းဟာ တစ်ကျပ်သားကို ရောင်းဈေး ကျပ် ၂,၈၅၀,၀၀၀ နဲ့ ဝယ်ဈေး ကျပ်သိန်း ၃၀ ရှိတယ်လို့ ရွှေလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။