ပြည်တွင်းရွှေစျေး ကျပ်သိန်း လေးဆယ်ကျော်အထိ စံချိန်တင်မြင့်တက်

ပြည်တွင်းရွှေဈေးကွက်မှာ မတ်လ ၆ ရက်နေ့ ညနေပိုင်းမှာ ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်းလေးဆယ်ကျော်ထိ စံချိန်တင်ဈေးမြင့်တက်ခဲ့ပြီး ဝယ်သူထက် ပြန်ရောင်းသူပိုများနေတယ်လို့ ရွှေလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သားကို ဆိုင်ရောင်းဈေး သိန်းလေးဆယ်ကျော် (ကျပ် ၄၀၂၀,၀၀၀ နဲ့ ၄၀၃၀,၀၀၀ ကျပ်) နဲ့ ဈေးအတက်အကျမြန်ဆန်နေသလို ရွှေဆိုင်အလိုက် ရောင်းဈေး၊ ဝယ်ဈေး ကျပ်လေးသောင်းကနေ ငါးသောင်းဝန်းကျင် ဈေးခွာပြီး အရောင်းအဝယ်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဈေးတက်ရတဲ့ အဓိကအကြောင်းရင်းက ရွှေကုန်သည်တွေ ဈေးကစားတာကြောင့်လည်းပါဝင်ပြီး လက်ရှိ အဝယ်ထက် ရောင်းချသူတွေပိုများနေတယ်လို့ ရန်ကုန်ရွှေလုပ်ငန်းရှင်တစ်ဦးက RFA ကိုပြောပါတယ်။

"အခုလောလောဆယ်တော့ သိန်းလေးဆယ်ကျော်သွားပါပြီရှင့်။ လေးဆယ်နဲ့မှ နှစ်သောင်း၊ သုံးသောင်းပေါ့။ သိန်းတော့မဟုတ်သေးဘူး လေးဆယ်ပေါ်ပဲ။ ရောင်းဈေး၊ ဝယ်ဈေးခွာတာကတော့ ဆိုင်တွေပေါ် မူတည်တယ်။ တချို့ကျတော့လည်း အခုပေါက်ဈေး လေးဆယ်ကျော်တာတောင် မသိသေးတဲ့သူတွေတောင်ရှိတယ်။ ၃၉ သိန်း ရှစ်သောင်းတွေနဲ့ ယူထားတာတွေလည်းရှိတယ်။ အဲဒီတော့ တရားဝင်အရမ်းကြီးလည်း ပြောပြလို့မရဘူး။ ဈေးတက်တာက ရွှေကုန်သည်တွေရဲ့ ကစားမှုကြောင့်လည်းပါမှာပေါ့။ အခုဒီဈေးတန်းအရဆိုရင်တော့ အရောင်းပိုများနေတာပေါ့"

မတ်လ ၁ ရက်နေ့က အခေါက်ရွှေတစ်ကျပ်သားကို ဆိုင်ရောင်းဈေး ကျပ် ၃၉ သိန်းကျော် (၃,၉၃၀,၀၀၀ ကျပ်)၊ ဆိုင်ပြန်ဝယ်ဈေး ၃၉ သိန်းနီးပါး (၃,၈၉၀,၀၀၀ ကျပ်) ဝန်းကျင်ရှိရာကနေ ခြောက်ရက်အတွင်း ကျပ်တစ်သိန်းခန့် ဈေးတက်သွားခဲ့တာပါ။

မတ်လ ၁ ရက်နေ့မှာ တစ်အောင်စ ၂၀၄၆ ဒေါ်လာကျော်ရှိခဲ့တဲ့ ကမ္ဘာ့ရွှေဈေးနှုန်းလည်း မတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းမှာ ၂၁၂၇ ဒေါ်လာကျော်ရှိခဲ့ပြီး ခြောက်ရက်အတွင်း ၈၁ ဒေါ်လာကျော် ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ မတ်လ ၁ ရက်နေ့ ထုတ်ပြန်ထားတဲ့ ရည်ညွှန်းဈေးကတော့ ရွှေတစ်ကျပ်သား ကျပ်သုံးဆယ့်ခြောက်သိန်းကျော် (၃,၆၇၉,၉၀၀ ကျပ်) သာရှိပေမယ့် မတ်လ ၆ ရက်နေ့ ညနေပိုင်း အပိတ်ရည်ညွှန်းဈေးက သုံးဆယ်ခုနစ်သိန်းကျော် (၃,၇၉၇,၉၀၀ ကျပ်) ပြောင်းသွားပါတယ်။

ဒါကြောင့် ရည်ညွှန်းဈေးလည်း ခြောက်ရက်အတွင်း ရွှေတစ်ကျပ်သားကို ကျပ်တစ်သိန်းကျော် (၁၁၈,၀၀၀ ကျပ်) အထိ ဈေးမြင့်တက်သွားတာပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က ရွှေတစ်ကျပ်သား ၁၃ သိန်းဝန်းကျင်နဲ့ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို ၁၃၀၀ ကျပ်ဝန်းကျင်သာရှိခဲ့ပြီး လက်ရှိ အာဏာသိမ်းသုံးနှစ်ကျော်အတွင်းမှာ ရွှေဈေးနှုန်း သုံးဆကျော်အထိ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။