အခေါက်ရွှေစျေး စံချိန်တင် မြင့်တက်လာ

ပြည်တွင်းရွှေဝယ်လိုအားဟာ ရောင်းနိုင်တဲ့ပမာဏထက် များနေတာ၊ နိုင်ငံရေးမတည်ငြိမ်တဲ့ကာလမှာ ငွေစက္ကူ ရိုက်နှိပ်မှုနဲ့ပတ်သက်တဲ့ ကောလာဟလတွေကြောင့် ရွှေဝယ်စုကြတာ၊ ရွှေထွက်တဲ့ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေတာ စတာတွေကြောင့် ရွှေစျေးနှုန်းစံချိန်တင် တက်လာတာလို့ Data for Myanmar က ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်း သုံးနှစ်ကျော်အတွင်း အခေါက်ရွှေစျေးနှုန်း ဆက်တိုက်မြင့်တက်လာခဲ့တဲ့အပေါ် လွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ (Data for Myanmar) အဖွဲ့က မတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

စစ်ကောင်စီအနေနဲ့ ဗဟိုဘဏ်၊ ရွှေနဲ့ငွေကြေးစျေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီအပြင် ရွှေလုပ်ငန်းရှင်အသင်းတွေနဲ့ပါ ထိန်းကျောင်းဖို့ကြိုးစားရင်းနဲ့ပဲ ရွှေစျေးက ကျပ်သိန်းလေးဆယ်ကျော်အထိ စံချိန်တင်မြင့်တက်လာခဲ့တာလို့ ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ နေ့မနေ့က အခေါက်ရွှေတစ်ကျပ်သားရဲ့ ပြည်တွင်းစျေးကွက်ပေါက်စျေးဟာ လေးဆယ့်နှစ်သိန်းနဲ့ အမြင့်ဆုံးစံချိန်တင်ဖြစ်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းက အခေါက်ရွှေတစ်ကျပ်သားကို ၁၃ သိန်းကျော်သာ ရှိခဲ့တာပါ။

၂၀၂၂ ခုနှစ်၊ ဩဂုတ်လကုန်ပိုင်းမှာ ၃၂ သိန်းအထိ မြင့်တက်လာခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာတော့ ၃၉ သိန်းအထိ ဆက်တိုက်မြင့်တက်ခဲ့ပါတယ်။

၂၀၂၃၊ အောက်တိုဘာလမှာ ရွှေလုပ်ငန်းရှင်းများအသင်း (YGEA) ရဲ့ သတ်မှတ်စျေးနဲ့ ပြင်ပပေါက်စျေးအကြား ၁၂ သိန်းရှစ်သောင်းကျော် အထိကွာဟခဲ့တာကြောင့် သုံးနှစ်အတွင်း အမြင့်ဆုံးစျေးနှုန်းကွာဟခဲ့တာလို့လည်း Data for Myanmar အဖွဲ့က ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလနဲ့ ၂၀၂၃ ခုနှစ် ဇွန်လမှာ ရန်ကုန်နဲ့ မန္တလေးက ရွှေလုပ်ငန်းရှင်အချို့ကို ရွှေနဲ့ ဒေါ်လာဈေးကစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ခေါ်ယူမေးမြန်းတာတွေ ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန် ရွှေလုပ်ငန်းရှင်အသင်းနဲ့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်အသင်းချုပ်ကလည်း ရွှေအရောင်းအဝယ်လုပ်သူ အားလုံးနဲ့ ရွှေဆိုင်တွေအားလုံးအနေနဲ့ သူတို့သတ်မှတ်ထားတဲ့ စျေးနှုန်းရဲ့အောက်မှာပဲ အရောင်းအဝယ်လုပ်ဖို့နဲ့ အဲဒီလိုမလုပ်နိုင်ရင် ဆိုင်တွေပိတ်ထားဖို့ မတ်လ ၁၆ နေ့က အထူးအစည်းအဝေးပြုလုပ်ပြီး ထုတ်ပြန်ထားပါတယ်။