ရွှေတစ်ကျပ်သား ၄၂ သိန်းနဲ့ စံချိန်သစ်တင်

ပြည်တွင်းဈေးကွက်မှာ အခေါက်ရွှေတစ်ကျပ်သားကို ၄၂ သိန်းကျပ်ဝန်းကျင်နဲ့ မတ်လ ၂၂ ရက်နေ့မှာ အမြင့်ဆုံးရောက်ရှိနေတယ်လို့ ရွှေရောင်းဝယ်ရေး လုပ်ကိုင်နေသူတွေက ပြောပါတယ်။

အာဏာမသိမ်းခင်က ရွှေတစ်ကျပ်သား ၁၃ သိန်းဝန်းကျင်ရှိခဲ့ရာကနေ အာဏာသိမ်းသုံးနှစ်ကျော်အတွင်းမှာ ၄၂ သိန်းကျပ်အထိ ရောက်ရှိနေတာကြောင့် ၂၉ သိန်းကျပ် မြင့်တက်ခဲ့တာဖြစ်ပါတယ်။

လတ်တလော ရွှေဈေးစံချိန်တင်မြင့်တက်နေမှုဟာ အမေရိကန်နိုင်ငံမှာ ဘဏ်အတိုးနှုန်းတွေ လျော့ချဖို့ လုပ်ဆောင်နေတာနဲ့ သက်ဆိုင်နေတယ်လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။

"ကမ္ဘာ့ရွှေဈေးက မနေ့ကဆို ၄၆ ဒေါ်လာလောက် တက်သွားတာ။ အဲဒီအတွက်ကြောင့်ပဲ ဈေးတွေတက်သွားတာပေါ့။ ဘယ်သူမဆို ဘဏ်အတိုးကို လျော့ချမယ်ဆိုရင် ရွှေသွားဝယ်တော့မယ်ဆိုပြီး ရွှေသွားဝယ်တာပေါ့"

ကမ္ဘာ့ရွှေဈေးနှုန်းတွေဟာ မတ်လ ၂၂ ရက်နေ့မှာ တစ်အောင်စကို ၂၁၇၄ ဒေါ်လာ ပေါက်ဈေးရှိနေပြီး မတ်လ ၂၁ ရက်နေ့ မနေ့ကတော့ ၂၂၀၆ ဒေါ်လာအထိ မြင့်တက်ခဲ့တာပါ။

ဒီလို ကမ္ဘာ့ရွှေဈေးနှုန်းတွေနဲ့ ပြည်တွင်းက နိုင်ငံရေးအခြေအနေကြောင့် ရွှေဝယ်ယူစုဆောင်းကြသူတွေကြောင့် စံချိန်တင်ဈေးနှုန်းမြင့်တက်မှုတွေ ဖြစ်ပေါ်လာတာလို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

လက်ရှိ ပြင်ပဈေးကွက်မှာ အခေါက်ရွှေတစ်ကျပ်သားကို ၄၂ သိန်းကျပ် ပေါက်ဈေးရှိနေပေမယ့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ကတော့ ၃၇၉၅၀၀၀ ကျပ်နဲ့ ရောင်းချဖို့ ရည်ညွန်းဈေး သတ်မှတ်ထားပါတယ်။

ရွှေဈေးနှုန်းကို မြင့်တက်လာအောင် ကစားသူတွေကို အရေးယူသွားမယ်လို့လည်း YGEA က မတ်လ ၁၆ ရက်နေ့က သတိပေးချက် ထုတ်ပြန်ထားပါတယ်။