ဟိုင်းကြီးကျွန်း ငါးပြေမရွာက ဒေသခံသုံးဦး ဖမ်းဆီးခံရ

ဧရာဝတီတိုင်း ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ ငါးပြေမရွာက ဒေသခံ အမျိုးသားသုံးဦး ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ဒီကနေ့ ပြောပါတယ်။

သူတို့ဟာ ရွာခံတွေသာဖြစ်ပြီး လယ်ယာနဲ့ ခြံလုပ်ငန်း လုပ်ကိုင်နေသူတွေ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ငါးပြေမမှာ အမျိုးသားသုံးယောက် အဖမ်းခံရတယ်။ နောက်ပြီး ဇီးချိုင်ရွာက ဖမ်းခံရတဲ့ ခုနစ်ဦးထဲမှာ အမျိုးသား တစ်ဦးက ပြန်လွတ်လာတယ်။ ငါးပြေမကျေးရွာက လူတွေကို တော့ ဘာ့ကြောင့်ဖမ်းသွားလဲဆိုတာ အတိအကျ မသိရသေးဘူး”

ဖမ်းဆီးခံရသူတွေနဲ့ မိသားစုဝင်တွေ အခုအချိန်အထိ အဆက်အသွယ်မရသေးတဲ့အပြင် ဘယ်မှာ ထိန်းသိမ်းထားတယ် ဆိုတာကိုလည်း မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

ငါးပြေမရွာအပါအဝင် ရွာသုံးရွာက ဒေသခံ ၂၀ လောက်ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီး ထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေး သလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမရှိပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံ ဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းမှာ ဇီးချိုင်ရွာအနီးက ဒေသကာကွယ်ရေး စခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့တွေ စီးနင်းခဲ့ပြီးနောက် ဇီးချိုင်ရွာက အမျိုးသားသုံးဦးနဲ့ အမျိုးသမီးလေးဦးကို ဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင် ခုနှစ် ဧပြီလထဲမှာလည်း ငါးပြေမရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။