ဟားခါးက ဘုံဇုံးစခန်းကို သိမ်းပိုက်လိုက်ကြောင်း CNA ပြော

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ဘုံဇုံးရွာမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းကို ချင်းဒေသ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၁၈ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီလို့ ချင်းအမျိုးသားတပ်မတော် (CNA) ရဲ့ ပြောခွင့်ရ ဆလိုင်းထက်နီက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ပူးပေါင်းတပ်တွေက သိမ်းပိုက်နေစဉ် စစ်ကောင်စီက လေကြောင်းနဲ့ သုံးကြိမ် ဗုံးကြဲတယ်။ ပြီးတော့ ဂန့်ဂေါ ခလရ ၅၀ ကနေ လက်နက်ကြီးနဲ့ သုံးကြိမ် လာပစ်တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က သိမ်းနိုင်ခဲ့တယ်"

အင်အား ခုနစ်ဆယ်ခန့်ရှိတဲ့ ဘုံဇုံးစခန်းကို ဒီဇင်ဘာ ၁၇ ရက်နေ့ကစလို့ တိုက်ခိုက်ခဲ့ တာဖြစ်ပြီး စစ်ကောင်စီတပ်က ဗိုလ်ကြီးအပါအဝင် ခြောက်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ရှစ်ဦး သေဆုံးခဲ့သလို ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တွေဘက်က နှစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ချင်းဒေသကာကွယ်ရေး တပ်ဖွဲ့တွေဟာ ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့၊ ရေဇွာမြို့၊ ဆူရ်ခွား၊ နှာရိန်၊ လိုင်လင်းပီ၊ မကွီအိမ်နူး၊ ဝေဘူလ စတဲ့ မြို့ခုနစ်မြို့ကို သိမ်းပိုက်ထားတယ်လို့ ချင်းဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။