ချင်းပြည်နယ် ဟားခါးမြို့၊ ရုန်းတောင် စစ်ဆေးရေးဂိတ်အနီးမှာ မတ်လ ၇ ရက်နေ့က စစ်ကောင်စီတပ်က ပစ်ခတ်လို့ ဆိုင်ကယ်ဓာတ်ဆီထည့်နေတဲ့ ဒေသခံတစ်ဦး ကျည်ဆန်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူဟာ အသက် ၅၅ နှစ်အရွယ် ဦးလွှန်မှုန်း ဖြစ်ပြီး ဒီနေ့ နေ့လယ်ပိုင်းအထိ အလောင်းထုတ်ယူခွင့် မရသေးဘူးလို့ ဟားခါးမြို့ခံတစ်ဦးက ပြောပါတယ်။
"သူက ဆိုင်ကယ်ဓာတ်ဆီဖြည့်ဖို့သွားတာ စကစ စစ်ဆေးရေးဂိတ်နဲ့ နီးတော့ အကြောင်းမဲ့ ပစ်သတ်ခံရတာ။ အလောင်းကို ဆေးရုံကနေ အခုထိ ထုတ်ဖို့ စစ်ကောင်စီတပ်သားတွေက ခွင့်မပြုသေးဘူး"
ရုန်းတောင် စစ်ဆေးရေးဂိတ်ဟာ ဟားခါးမြို့ ခလရ ၂၆၆ တပ်ရင်းအနီးမှာတည်ရှိပြီး လမ်းသွားလမ်းတွေကို အမြဲလိုလို စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခု ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၄၆၀၀ ကျော် (၄၆၅၀ ဦး) သေဆုံးခဲ့ပါတယ်။