ချင်းပြည်နယ်၊ ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်မှာရှိတဲ့ မိုးဟိန်း ရေသန့်ဖြန့်ချိရေး ကုမ္ပဏီဝန်းအတွင်းကို နိုဝင်ဘာ ၁၅ ရက် မနေ့ည ၁၀ နာရီခန့်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ၁၄ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးပြီး အမျိုးသားနှစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဟားခါးမြို့ အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခလရ (၂၆၆) တပ်ရင်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသွားသူဟာ အသက် ၁၄ နှစ်အရွယ် မောင်ဗန်ရှာလုမ်ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ညဘက် ၁၀ နာရီ မှာ အေးတော့ အပြင်မှာမီးဖိုပြီး မီးလှုံကြတာ။ အဲမှာ တပ်ကုန်းကနေ ပစ်တဲ့ လက်နက်ကြီးက သူတို့နားကျပြီး ပေါက်သွားတာ။ တစ်ယောက် သေတယ်။ ဒဏ်ရာရတဲ့ နှစ်ယောက်လည်း တော်တော်ပြင်းထန်တယ်လို့ ပြောတယ်"
သေဆုံးသွားသူနဲ့ ဒဏ်ရာရသူတွေဟာ မိုးဟိန်းရေသန့်စက်ရုံမှာ အလုပ်လုပ်ကြတဲ့ အလုပ်သမားတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသားနှစ်ဦးကိုတော့ ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်လို့ ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဟားခါးမြို့မှာ လက်နက်ကြီးကြောင့် သေဆုံးသူရော ထိခိုက်ဒဏ်ရာရသူ အပါအဝင် စုစုပေါင်း ၁၀ ဦးထက်မနည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။