မိုးဗြဲမှာ တိုက်ပွဲပြင်းထန်နေ

ကယားပြည်နယ် နန်းမယ်ခုံမြို့နယ်အတွင်းက စစ်ကောင်စီတပ်အင်အားတွေကို ရှမ်း - ကယား နယ်စပ် မိုးဗြဲမြို့ နယ်ဘက်ကို ရွှေ့ပြောင်းနေတာကြောင့် အခုရက်ပိုင်း မိုးဗြဲမြို့ နယ်အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူက RFA ကို ဒီနေ့ပြောပါတယ်။

“ဒီနေ့မနက်ပဲ မိုးဗြဲဘက်မှာ တိုက်ပွဲငယ်တစ်ခုဖြစ်ခဲ့တယ်။ အထူးသဖြင့် စစ်ကောင်စီ တပ်က နန်းမယ်ခုံက စစ်ကြောင်းတွေကို မိုးဗြဲဘက်ကို ရွှေ့နေတယ်။ ကယားပြည်နယ် ထဲမှာလည်း တိုက်ပွဲကတော့ နေ့စဉ်လိုလို ဖြစ်နေတာ နေရာမတူတာဘဲ ရှိတယ်”

ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်အတွင်းမှာလည်း တပ်အင်အားဖြည့်ပြီး စစ်ကြောင်းထိုးဖို့ ထပ်မံ ဆောင်ရွက်နေသလို ပင်လောင်းမြို့နယ်ကနေ ဖယ်ခုံမြို့ဘက်ကို စစ်ကားအစီး ၄၀ လောက် နဲ့ အင်အားတွေ ထပ်ဖြည့်နေတယ်လို့လည်း သူက ပြောပါတယ်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ စက်တင်ဘာလ ၈ ရက် မနေ့မနက်က ဝှါရီဆူးပလိုင်ကျေးရွာကနေ မိုးဗြဲဘက်ကို အင်အား ၁၀၀ လောက်နဲ့ စစ် ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ KNDF၊ KA၊ URF၊ နေပြည်တော် PDF၊ KGZ ပူးပေါင်းအဖွဲ့တွေက ဖြတ်တောက် တိုက်ခိုက်ခဲ့ရာမှာ နှစ်ဖက် တိုက်ပွဲ တစ်နေကုန်ကြာမြင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်အချို့ သိမ်းဆည်းရမိခဲ့သလို PDF ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကယားပြည်နယ် ဒီးမော့ဆို၊ ဖရူဆိုနဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံမြို့နယ်တွေမှာ စက်တင်ဘာလ ၃ ရက် နေ့ကနေ ၇ ရက် နေ့အထိ တိုက်ပွဲပေါင်း ခုနစ်ကြိမ်အထိဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၈ ဦး ဝန်းကျင် သေဆုံးခဲ့တယ်လို့ ကရင်နီပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဆိုပါတယ်။

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

တိုက်ပွဲတွေအတွင်း ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်ဒဏ်ရာ ရတာရှိသလို မိုင်းကြောင့် ထိခိုက်သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ အရေအတွက်ကို စိစစ်နေဆဲဖြစ်တာကြောင့် နောက်ပိုင်းမှ စားရင်းပြန်လည် ထုတ်ပြန်ပေးမယ်လို့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြား ရေးတာဝန်ရှိသူက ပြောပါတယ်။

ကယားပြည်နယ်အတွင်းမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ ၁၉ လတာကာအတွင်း တိုက်ပွဲပေါင်း ၄၅၄ ကြိမ်အထိဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးဘက်က ၁၅၁ ဦးနဲ့ စစ်ကောင်စီ ဘက်က ၁၄၉၉ ဦးအထိ သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့ အင်အားစုက ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

၁၉ လတာကာလအတွင်း အရပ်သားသေဆုံးသူဦးရေ ၃၂၀ ကျော်ရှိခဲ့ပြီး လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ရှမ်း - ကယားနယ်စပ် မိုးဗြဲ၊ ဖယ်ခုံမြို့နယ်တွေကနေ စစ်ဘေးတိမ်း ရှောင်နေရတဲ့ ဒုက္ခသည်ဦးရေက ၂၁၀,၀၀၀ ကျော်အထိ ရှိတယ်လို့ ကရင်နီအရပ်ဘက် အဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့ စားရင်တွေမှာ ဖော်ပြထားပါတယ်။

ကယားပြည်နယ်အတွင်းက အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူ ဦးအောင်ဝင်းဦးကို RFA က ဒီနေ့ ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ရာမှာ အစည်း အဝေးရှိနေလို့ မဖြေကြားနိုင်သေးကြောင်း ပြန်လည် တုံ့ပြန်ပါတယ်။

စစ်ကောင်စီဘက်လည်း ကယားပြည်နယ် အတွင်းက တိုက်ပွဲတွေအခြေအနေနဲ့ ပတ်သက် ပြီး သတင်းထုတ်ပြန်တာကို မတွေ့ ရသေးပါဘူး။