သတ်ဖြတ်ခံရတဲ့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရဖို့ ဆောင်ရွက်နေကြောင်း NUG ထုတ်ပြန်

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားရုပ်အလောင်း ၁၃ လောင်းနဲ့ ပတ်သက်ပြီး များစွာတုန်လှုပ်စိတ်ပျက်မိကြောင်းနဲ့ လူနည်းစုအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးက အရပ်သားပြည်သူတွေအပေါ် အမုန်းတရားထား အကြမ်းဖက်တာတွေကို အတိအလင်းကန့်ကွက်ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီဇင်ဘာလ ၉ ရက် မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီဖြစ်ပြီး လူမှုရပ်ဝန်းအဖွဲ့တွေအနေနဲ့ ထောက်ပံ့ကူညီပေးကြဖို့လည်း NUG က ဖိတ်ခေါ်လိုက်ပါတယ်။

လှည်းကူးမြို့နယ် ဘားလားအုပ်စု ငွေနံ့သာကျေးရွာနားမှာ ဒီဇင်ဘာ ၅ ရက်နေ့က ရိုဟင်ဂျာ ၁၃ ဦးရဲ့ ရုပ်အလောင်းတွေကို ဒေသခံတွေက တွေ့ရှိခဲ့ကြတာပါ။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတချို့မှာ ပြတ်ရှဒဏ်ရာတွေ ညှင်းပမ်းနှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

ပြစ်မှုကျူးလွန်သူတွေကို တရားဥပဒေအတိုင်း အပြည့်အဝ အရေးယူဆောင်ရွက်မှာဖြစ်ပြီး ကျူးလွန်ခံရသူတွေနဲ့ မိသားစုတွေအတွက် တရားမျှတမှု ရစေရမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။