ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဦးမြင့်ဦးဟာ စစ်ကောင်စီက လိုက်လံဖမ်းဆီး တာကြောင့် နေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်ရင်း အောက်တိုဘာလ ၇ ရက် မနေ့ညနေ ၄ နာရီမှာ ကွယ်လွန်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေကို ပစ်မှတ်ထားဖမ်းဆီးလာတာကြောင့် အသက် ၆၆ နှစ်အရွယ် ဦးမြင့်ဦးဟာ ၂၀၂၁ ခုနှစ် မတ်လကတည်းက နေအိမ်ကနေ လွတ်မြောက်နယ်မြေတစ်နေရာမှာ သွားရောက် တိမ်းရှောင်နေတာပါ။
ဦးနှောက်ကင်ဆာ ရောဂါခံစားနေရသူဖြစ်ပေမယ့် ဦးမြင့်ဦးရောက်နေတဲ့နေရာက ဆေးဝါး ကုသမှုခံယူဖို့ လက်လှမ်းမမီဘူးလို့ အမည်မဖော်လိုတဲ့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
"ဦးနှောက် ကင်ဆာနဲ့ ဆုံးသွားတာပါ၊ ကင်ဆာဆိုတဲ့ သဘောကလည်း သိတဲ့အတိုင်း ခေတ်မီဆေးကုသမှု လုပ်နိုင်မှ အသက်ရှည်မှာလေ။ အခုတော့ ဆေးလည်း မသောက်ရ ဆိုတော့ ရောဂါက တဖြေးဖြေး ကျွမ်းသွားတာ။ လွှတ်တော်ထဲမှာဆို အမြဲပြုံးပြီး နေတတ်တဲ့သူ။ အခု သူမဆုံးခင် အထိလည်း ဒီတော်လှန်ရေးအတွက် လုပ်နိုင်သမျှ လုပ်ပေးခဲ့ရှာတယ်"
ဦးမြင့်ဦး တိမ်းရှောင်ခဲ့တဲ့နေရာနဲ့ နာရေးအစီအစဉ်ကိုတော့ သူက ထုတ်မပြောပါဘူး။
ဦးမြင့်ဦးက ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာ သနပ်ပင်မြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတာ ဖြစ်ပါတယ်။