လွှတ်တော်အစည်းအဝေးများ မေ ၁၈ ပြန်စမည်

သီဟထွန်း
2020.04.27

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်ဖို့ ကြိုးစားနေဆဲကာလဖြစ်ပေမယ့် ရပ်နားထားတဲ့ လွှတ်တော်အစည်းအဝေးတွေကို မေလ ၁၈ ရက်နေ့မှာ ပြန်စဖို့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

တိုင်းပြည်အတွက် အရေးကြီးတဲ့ဘတ်ဂျတ်ကိစ္စတွေ အတည်ပြုဖို့ လွှတ်တော်ခေါ်ယူရတာဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေအတွက် ကျန်းမာရေး ကာကွယ်မှုရဖို့ ကြိုတင်ပြင်ဆင်မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်ကြောင့် ရပ်နားထားရတဲ့ ၁၆ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို မေလ ၁၈ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး ပြည်ထောင်စု ဘဏ္ဍာငွေ အရသုံးနဲ့ ဖြည့်စွက် ဘတ်ဂျက် အပါအဝင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ကုသရေးအတွက် အသုံးပြုဖို့ ချေးငွေကိစ္စတွေကို ဆွေးနွေးဖို့ ရှိပါတယ်။

NLD ပါတီဝင်၊ ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီက ဒေါက်တာ လှမိုးက အစိုးရက ဆောင်ရွက်နေတဲ့ စီမံကိန်းတွေ မရပ်တန့်ဖို့ လွှတ်တော်က အတည်ပြုပေးရမယ့် ဘတ်ဂျက်ကိစ္စတွေ ရှိတယ်လို့ ပြောပါတယ်။

"ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေရဲ့ ဖြည့်စွက် ရန်ပုံငွေတွေကို ဆွေးနွေး အတည်ပြုကြမှာပါ။ ပြီးတော့ ချေးငွေတွေ နဲ့ ပတ်သက်ပြီးတော့ ဒါ အစိုးရက တင်လာခဲ့ရင်လည်း ကျနော်တို့က အတည်ပြုပေးကြရမှာပါ။ မဟုတ်လို့ရှိရင် အစိုးရမှာ လက်ရှိလုပ်နေတဲ့ လုပ်ငန်းဆောင်တာတချို့က ရပ်ဆိုင်းသွားနိုင်ပါတယ်။ လုပ်နေတဲ့ စီမံကိန်းတွေ ဘာတွေမှာ လုပ်ရင်းတန်းလန်းနဲ့မှ လိုအပ်ချက်ရှိလာတာတွေ ရှိတယ်။ ဥပမာ ဝန်ထမ်း တိုးမြှင့် ခန့်ထားတာတွေရှိတယ်။ အရေးပေါ် စီမံချက်တွေရှိတယ်။ ဒါတွေအတွက် ဘတ်ဂျက်တွေကို ပြန်ပြီး အတည်ပြု ပေးရမှာပါ။"

ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွေ ပြန်လည်ကျင်းပဖို့ ဧပြီလ ၂၆ ရက်နေ့ မနေ့က ထုတ်ပြန်ခဲ့တာပါ။

ပုံမှန်အားဖြင့် ဧပြီ ၂၇ ရက်နေ့ကနေ ဇွန်လ ၃ ရက်နေ့အထိ ၁၆ ကြိမ်မြောက် အစည်းအဝေးကျင်းပဖို့ စီစဉ်ထားတာ ဖြစ်လို့ ဒီတစ်ကြိမ်ခေါ်ယူတဲ့ အစည်းအဝေးက ဇွန်လ ၃ ရက်နေ့ မတိုင်ခင် ပြီးဖို့ရှိတယ်လို့ ဒေါက်တာ လှမိုးက ပြောပါတယ်။

အစိုးရက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးအတွက် အမိန့်ကြေညာချက်တွေကို လက်ရှိအချိန်အထိ မေ ၁၅ ရက် အထိသာ သက်တမ်းတိုးထားတာဖြစ်လို့ မေလ ၁၈ ရက်နေ့ လွှတ်တော်ခေါ်ယူဖို့ ပြဿနာမရှိနိုင်ဘူးလို့ ယူဆတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေလည်း ရှိပါတယ်။

နေပြည်တော်ကိုပြန်လာတဲ့ အစိုးရ ဝန်ထမ်းတွေနဲ့ အရပ်သားတွေကို စောင့်ကြည့်ရေး စခန်းတွေမှာ ၂၁ ရက် အသွားအလာ ကန့်သတ်တာတွေရှိပေမယ့် လွှတ်တော် ကိုယ်စားလှယ်တွေကိုတော့ အဲဒီပုံစံမျိုး ထားဖို့မရှိဘဲ တခြားနည်းလမ်းတွေနဲ့ ကျန်းမာရေး စစ်ဆေးဖို့ ပြင်ဆင်နေပါတယ်။

ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက အစည်းအဝေးတက်ရောက်မယ့် လွှတ်တော် ကိုယ်စားလှယ်တွေကို သက်ဆိုင်ရာ နယ်မြေတွေမှာ ကျန်းမာရေး စစ်ဆေးနိုင်ရေး ညှိနှိုင်းဖို့ရှိတယ်လို့ ပြောပါတယ်။

"ဒီရက်ပိုင်းမှာပဲ ကျနော်တို့ အစည်းအဝေး လုပ်ဖို့ရှိတယ်။ အစည်းအဝေးလုပ်ပြီးရင်တော့ ကျနော်တို့ အသေးစိတ် ညှိကြမှာပေါ့နော်။ ကိုယ်စားလှယ်တွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ လက်ရှိ သူတို့ သက်ဆိုင်ရာ နယ်မြေ အသီးသီးမှာ စစ်ဆေးမှု ခံနိုင်ဖို့ရော၊ ကိုယ်စားလှယ်တွေ နေပြည်တော်ကို သူ့ရက်အမှီ လာရောက်နိုင်ဖို့ အတွက်ရော ဒါတွေလည်း ပါတယ်ဗျ။ ဘယ်လိုဘယ်လို စီစဉ်မယ်ဆိုတာကိုတော့ အသေးစိတ်ကို ဆွေးနွေး ပြီးတော့မှ သိနိုင်မယ်ပေါ့နော်။"

ရခိုင်အမျိုးသားပါတီ ANP က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက လွှတ်တော်တစ်ရပ် ခေါ်ယူဖို့ ၂၁ ရက် ကြိုတင် အကြောင်းကြားရတာဖြစ်လို့ အခုလို ရက်သတ်မှတ်တာဖြစ်တယ်လို့ ယူဆကြောင်း ပြောပါတယ်။

"ဒါကတော့ အားလုံးအတွက်လည်း စိုးရိမ်ရပါတယ်။ ဒါပေမဲ့ ကျန်းမာရေးဦးစီးဌာနကတော့ပေါ့နော် မေလ ၁၅ ရက်နေ့ထိတော့ သတ်မှတ်ချက်ထားတယ်ပေါ့။ အဲတော့ ကျမတို့ လွှတ်တော်ဆိုတာက သုံးပတ်ကြိုတင်ပြီး ခေါ်ရပါတယ်။ အဲဒီအတွက် ခုချိန်မှ သုံးပတ်ကြိုတင်ပြီး ခေါ်တာဖြစ်ပါလိမ့်မယ်။ နောက်တစ်ချက်က တကယ်လို့ပေါ့နော် ကျန်းမာရေးဦးစီးဌာနက ရက်တိုးလိုက်မယ်ဆိုရင်တော့ လွှတ်တော်ကိုလည်း နောက်ဆုတ် ရင်လည်း ဆုတ်နိုင်တယ်လို့ မြင်ပါတယ်။"

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအေး က ဒီလိုကာလမျိုးမှာ လူစုလူဝေးနဲ့ လုပ်တဲ့ အစည်းအဝေးတွေ ရှောင်သင့်တယ်လို့ ပြောပါတယ်။

"မြန်မာနိုင်ငံမှာလည်း ရိုက်ခတ်နေတယ်။ တစ်ကမ္ဘာလုံးမှာလည်း ဖြစ်နေတယ်ဆိုတော့ ဒီလိုအခြေအနေမျိုး မှာတော့ အစုအဝေးနဲ့လုပ်တဲ့ အစည်းအဝေးတွေ ဒါ မလုပ်သင့်ဘူးလို့တော့ ထင်မြင်ယူဆပါတယ်။"

SNLD ပါတီက လူငယ်ပိုင်း လွှတ်တော် ကိုယ်စားလှယ်တွေကတော့ လွှတ်တော်တက်ရောက်ဖို့ရှိပြီး လူကြီးပိုင်း လွှတ်တော် အမတ်တွေတော့ တက်ရောက်နိုင်ခြင်း ရှိ၊ မရှိကို မသိသေးဘူးလို့လည်း ဦးစိုင်းထွန်းအေးက ပြောပါတယ်။

ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ က ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးယန်ကျင်းကန် က လိုအပ်ချက်အရ လွှတ်တော် ခေါ်ယူတာဖြစ်လို့ ကျန်းမာရေး အစီအမံတွေ ပြင်ဆင်ထားမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

"လိုအပ်ချက်အရ ခေါ်တယ်လို့ပဲ ကျနော်တို့ မြင်ပါတယ်ခင်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ တချို့ကိစ္စတွေက လက်ရှိ အစိုးရက ဆောင်ရွက်ရမယ့် လုပ်ငန်းတွေမှာ လွှတ်တော်ကို ဖြတ်သန်းရမယ့် ကိစ္စတွေရှိတယ်။ ဆိုတော့ ဒါ လိုအပ်ချက်အရ အရေးပေါ်ခေါ်တာဖြစ်တဲ့အတွက် Social distancing တို့၊ လိုအပ်တဲ့ အစီအမံ အတားအဆီး အကာအကွယ်တွေအားလုံးတော့ ဆောင်ရွက်ထားမယ်လို့တော့ ယုံကြည်ပါတယ်။"

လွှတ်တော်ကျင်းပရေး ဗဟိုကော်မတီ၊ လွှတ်တော်ကျင်းပရေး လုပ်ငန်း အထောက်အကူပြု လုပ်ငန်းကော်မတီ ခုနှစ်ခု အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေအတိုင်း လွှတ်တော် ခေါ်ယူရေး ဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။