စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော်ရှိနေပြီး စားဝတ်နေရေးအခက်အခဲ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေပြည်အေးမြို့အပြင် လွှစင်ကုန်း၊ နန့်နန်း၊ နောဖာမူနဲ့ နောင်ဆန်းကျင်ရွာ အပါအဝင် ရွာပေါင်းဆယ်ရွာထက် မနည်းက ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
ဟုမ္မလင်းမြို့နယ်အတွက် ချင်းတွင်းမြစ်ရေကြောင်းကို အဓိကအသုံးပြုပြီး စားသောက်ကုန်တွေ သယ်ယူရပေမယ့် လတ်တလောမှာ ရေကြောင်းနဲ့သယ်ယူဖို့ အခက်ခဲရှိတာကြောင့် ကုန်စည်ရှားပါးမှုကိုပါ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေကို နီးစပ်ရာဘုန်းကြီးကျောင်းတွေကပဲ ချက်ပြုတ်ကျွေးမွေး နေရတယ်လို့ ဟုမ္မလင်းမြို့မှာ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
"ရေကြောင်းကလည်း အသုံးပြုလို့ ပုံမှန်မရတော့ မြို့ပေါ်မှာ စားသောက်ကုန်လည်း ပြတ်လပ်တယ်။ တချို့ ခေါက်ဆွဲခြောက်၊ ကြက်ဥ မီးဖိုချောင်သုံး ပစ္စည်းတွေဆို ဝယ်မရဘူး။ စားဝတ်နေရေးအတွက် အရမ်းကို ခက်ခဲနေပါတယ်။ ဒုက္ခသည်တွေ ခိုလှုံနေတဲ့ နီးစပ်ရာဘုန်းကြီးကျောင်းတွေကပဲ ရှိတဲ့အသီးအနှံတွေနဲ့ ချက်ပြုတ်ကျွေးကြတယ်။ ဒါက ရေရှည်အဆင်မပြေနိုင်ဘူးပေါ့"
ဟုမ္မလင်းမြို့နယ်ကနေ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကို စိုးရိမ်တာကြောင့် နိုဝင်ဘာလကတည်း ထွက်ပြေးလာခဲ့ကြရတာလို့ ဆိုပါတယ်။
ဒုက္ခသည်တွေဟာ လတ်တလော တောင်ယာနဲ့ သာသနိကအဆောက်အအုံတွေမှာ ဖြစ်သလိုခိုလှုံနေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဟုမ္မလင်းဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
"ကျွန်မတို့ဆီမှာက တိုက်ပွဲ နေ့စဉ်ဖြစ်နေတာမျိုး မရှိဘူးပေါ့နော်။ ဒါပေမဲ့ စစ်ကောင်စီက လေကြောင်းကနေ မထင်ရင် မထင်သလို ဗုံးလာကြဲတယ်။ အဲဒါကြောင့် တိုက်ပွဲမဖြစ်ဘဲ နေအိမ်တွေမှာ မနေရဲကြတော့ဘဲ၊ ဘုန်းကြီးကျောင်းနဲ့ ဘုရားအဆောက်အအုံတွေမှာ လာခိုလှုံကြရတာပေါ့"
ဟုမ္မလင်းဒေသခံအများစုဟာ တောင်ယာလုပ်ငန်း၊ မွေးမြူရေးတွေအပြင် တစ်နိုင်တစ်ပိုင် ရွှေတူးဖော်ရေး လုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်းပြုကြပြီး အခုကာလတွေမှာ စစ်ဘေးရှောင်နေရတာကြောင့် အလုပ်မလုပ်နိုင်ဖြစ်ပြီး ဝင်ငွေလည်းမရှိဘူးလို့ ဆိုပါတယ်။
ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေအပြင် စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်တွေပါ စစ်ရေးလှုပ်ရှားမှု ရှိနေပြီး ၂၀၂၃ ခုနှစ်၊ မေလအစောပိုင်းကတည်းက တိုက်ပွဲတွေဖြစ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ကို နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ပြည်သူ့ ကာကွယ်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားသလို ခါမ်းပါတ်၊ ကောလင်းနဲ့ မော်လူးမြို့ကိုလည်း ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားပါတယ်။