HONG RI ပိုက်ဆံအိတ်စက်ရုံ အလုပ်သမားတွေ တိုက်ခိုက်ခံရ


2019-07-01
Share
hongri-workers-press-622.jpg HONG RI ပိုက်ဆံအိတ်စက်ရုံရှေ့မှာ ရိုက်နှက်ခံရတဲ့ အလုပ်သမားတွေ ရန်ကုန်မြို့က Orchid ဟိုတယ်မှာ ၂၀၁၉၊ ဇူလိုင် ၁ ရက်နေ့က သတင်းစာရှင်းပွဲ ကျင်းပစဉ်
Photo: Kyaw Zaw Win/ RFA

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်က HONG RI ပိုက်ဆံအိတ်စက်ရုံရှေ့မှာ ဆန္ဒပြနေတဲ့ အလုပ်သမားတွေကို တုတ်၊ ဓါးတွေကိုင်ဆောင်ပြီး ရိုက်နှက်ခဲ့ကြတယ်လို့ အလုပ်သမားတွေ ဒီနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်က Orchid ဟိုတယ်မှာ ရိုက်နှက်ခံရတဲ့ အလုပ်သမားတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ပြောဆိုလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ညက စက်ရုံမှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေသူတွေကို လူ ၂၀ လောက်က တုတ်၊ ဓါးတွေကိုင်ဆောင်ပြီး ရိုက်နှက်ခဲ့ကြတယ်လို့ အလုပ်သမားတွေ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စက်ရုံတာဝန်ရှိသူတစ်ဦးကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာတော့ စက်ရုံမန်နေဂျာ ဦးကျော်ဇေယျက အခုအချိန်မှာ စစ်ဆေးနေတဲ့ အချိန်ဖြစ်လို့ ဘာမှ ပြောလို့မရဘူးလို့ ပြောပါတယ်။

Hong Ri စက်ရုံက အလုပ်သမားတွေဟာ သောက်သုံးရေ ကောင်းမွန်စွာရဖို့၊ မီးဖွားခွင့်ရဖို့ စတဲ့ အချက် ၂၃ ချက်ကို ဇွန်လ ၂၇ ရက်နေ့က စတင်ပြီး စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြ တောင်းဆိုနေချိန်မှာ ရိုက်နှက်ခံခဲ့ရတာဖြစ်ပါတယ်။

ဒီအမှု စစ်ဆေးဆောင်ရွက်နေတဲ့ အခြေအနေကို လှိုင်သာယာမြို့မ ရဲစခန်းကို RFA က ဆက်သွယ် မေးမြန်းရာမှာ ရဲအုပ် ဦးလှရွှေက လာရောက်အမှုဖွင့်သူက အမည်မသိလူ ၂၀ လောက်ရိုက်နှက်တယ်လို့ ပြောတဲ့အတွက် အမည်မသိတော့ ဘယ်လိုစုံစမ်းရမလဲဆိုပြီး ပြန်လည်ပြောဆိုပါတယ်။

ဆန္ဒပြအလုပ်သမားတွေ တိုက်ခိုက်ခံရတာကြောင့် အလုပ်သမား အယောက် ၂၀ ထိခိုက်ဒဏ်ရာရပြီး အလုပ်သမား ခြောက်ယောက်ကတော့ ဒဏ်ရာ ပြင်းထန်တယ်လို့ သိရပါတယ်။

အဲဒီစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး ပိုက်ဆံအိတ် ထုတ်လုပ်နေတာဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုကျော်ဇောဝင်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့