အနန့်ပါ တိုက်ခိုက်ခံရမှု သေဆုံးသူ ၇၀ ကျော်လာပြီး ဒဏ်ရာရသူတွေ ဆေးကုခွင့်မရသေး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ KIA တပ်မဟာ (၉) နယ်မြေက အနန့်ပါ လေ့ကျင့်ရေး ကွင်းမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အခုမနက်အထိ သေဆုံးသူ ၇၀ ကျော် ရှိလာပြီး ဒဏ်ရာရရှိသူ တစ်ရာကျော်ကလည်း ဆေးကုသခွင့်မရသေးဘူးလို့ အဲဒီနေရာကို ရောက်နေတဲ့ ဒေသခံတွေက ပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ ၉ နယ်မြေ၊ ဖားကန့်မြို့နယ် ကံဆီးရွာနဲ့ နှစ်မိုင်ခန့်အကွာမှာရှိတဲ့ အနန့်ပါ လေ့ကျင့်ရေးကွင်းမှာ KIO တည်ထောင်တဲ့ ၆၂ နှစ်မြောက် နှစ်ပတ်လည် တေးဂီတဖျော်ဖြေပွဲ ကျင်းပနေချိန်မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ် နှစ်စင်းနဲ့ အောက်တိုဘာလ ၂၃ ရက်၊ ည ၉ နာရီ လောက်မှာ လာရောက် ဗုံးကြဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် KIA တပ်ဖွဲ့ဝင် အပါအဝင် ကချင်အနုပညာရှင်တွေနဲ့ ဒေသခံ အရပ်သားတွေ သေဆုံး ဒဏ်ရာရခဲ့ကြတာပါ။

စစ်ကောင်စီတပ်ဘက်က ဖြတ်သန်းခွင့်ပိတ်ထားတာကြောင့် အခုမနက်အထိ သေဆုံးသူ ၇၀ ကျော်ရှိလာပြီး ဒဏ်ရာရသူ တစ်ရာကျော်လည်း ဆေးကုသခွင့် မရသေးဘူးလို့ အဲဒီနေရာကို ရောက်နေတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီနေ့အထိ လူနာအရေအတွက်က ၁၅၀ လောက်တော့ရှိမယ်။ ဆုံးသွားတဲ့ အရေအတွက် ကျတော့ ၇၀ ကျော် လောက်ရှိတယ်။ အခုနောက်ပိုင်း အဲဒီလူနာတွေထဲမှာ ဆေးမကုနိုင် လို့လေ။ ဆေးမကုနိုင်တဲ့အတွက်ကြောင့် ပိုပြီးတော့ စိုးရိမ်ရတဲ့အပိုင်းတွေ အများကြီး ရှိတယ်။ အဲဒါကို ဂိတ်မှာသွားပြောကြည့်တာက ဂိတ်မှာလည်း ဖြတ်လို့လည်း မရဘူး"

ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေ သယ်ယူဖို့ကိုလည်း ကံဆီးရွာမှာရှိတဲ့ စစ်ကောင်စီတပ်က ပိတ်ပင်ထားဆဲဖြစ်တာကြောင့် အခုအချိန်အထိ သွားရောက်ကူညီလို့မရဘူးလို့ ကူညီကယ်ဆယ်ရေးလုပ်ဖို့ ကြိုးစားနေသူတွေက ပြောပါတယ်။

အနန့်ပါ (Anang Pa) ဟာ KIA စခန်းမဟုတ်ဘဲ ခရီးသွားပြည်သူတွေ ခေတ္တအနားယူကြတဲ့ စျေးဆိုင်တန်း စခန်းငယ်နေရာသာဖြစ်ပြီး ဒါကို စစ်ကောင်စီဘက် သိထားပေမယ့် လူအစုလိုက်အပြုံလိုက် သေကြေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာလို့ KIO ဗဟိုက ဒီနေ့မှာပဲ ထုတ်ပြန်ထားပါတယ်။

အရပ်သားပြည်သူတွေနဲ့ KIO အမှုထမ်းတွေအများကြီး ထိခိုက်သေဆုံးခဲ့ရတဲ့အပေါ် ဝမ်းနည်းကြောင်းနဲ့ ဒီဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်ကို အာဏာရှင်ကို တွန်းလှန်၊ တော်လှန်တဲ့ တော်လှန်ရေးခွန်အားအဖြစ် ပြောင်းလဲပြီး အရှိန်မြှင့်တင်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

KIA နဲ့ PDF တွေဟာ စစ်ကောင်စီတပ်စခန်းတွေနဲ့ ရေယာဉ်တွေကို တိုက်ခိုက်ခဲ့တာကြောင့် လိုအပ်တဲ့ စစ်ဆင်ရေးတွေ တန်ပြန်ဆောင်ရွက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုအတွင်း KIA အရာရှိတွေသာ သေဆုံးသလို ပြည်သူတွေ သေဆုံးတာမရှိဘူးလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။