ကျောက်ကမ်းပါးပြိုကျ မှုကြောင့် ပျောက်ဆုံးနေသူ ၅ ဦးထဲက ၄ ဦး ရုပ်အလောင်း ကို တေ့ွရှိ
2017.07.15

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆန်ခါမှော်က ကုမ္ပဏီလုပ်ကွက်မှာ ဇူလိုင် ၁၃ ရက်နေ့က ကျောက်တောင် ကမ်းပါးပြိုကျမှုကြောင့် တနိုင်တပိုင် ရေမဆေးကျောက်တူးဖော်နေကြသူတွေ အထဲက ၅ ယောက်ပျောက်ဆုံးနေရာ မှာ ဒီကနေ့ ညနေပိုင်းအထိ ရုပ် အလောင်း ၄ လောင်း ကို တွေ့ရှိထားပါတယ်။
အပေါ်ကနေပြိုကျလာတဲ့ မြေစာဟာ အောက်ခြေမှာရှိတဲ့ ရေပြင်ကိုအရှိန်နဲ့ကျပြီး ပြန်တက်လာတဲ့ ရေလှိုင်းတွေက ကျင်းတူးနေတဲ့ ရေမဆေးသမားတွေကို ရိုက်ချလိုက်သလိုဖြစ်သွားတာလို့ မျက်မြင်တွေ့ခဲ့ရတဲ့ ရေမဆေးသမား ကိုဘသိန်းက ပြောပါတယ်။
"မနားကျသေးပဲနဲ့ တအားကြိုးစားပြီးလုပ်နေတဲ့အချိန်မှာပဲ ကမ်းပါးကြီးက အကြီးကြီးပြိုကျလာတာ၊ ဖြစ်သွား တဲ့ရေလှိုင်းက ၁၅ ပေလောက်မြင့် တက်သွားတာ၊ မနေ့ကတစ်နေကုန်စောင့်ကြည့်တယ်၊ မပေါ်ဘူး၊ ဒီကနေ့ ၉ နာရီတည်းကစောင့်တာကတော့ ၉ နာရီခွဲမှာ တစ်လောင်းပေါ်လာ ပြီးတော့ ညနေ ၃ နာရီထိ ၄ လောင်းရရှိတယ်"
ဆန်ခါမှော်က ကြွယ်ဝ ၃ နဲ့ ကျော်နိုင်နဲ့ညီအကိုများ ဆိုတဲ့ကုမ္ပဏီ နှစ်ခုပေါင်းပြီး လုပ်နေတဲ့နေရာမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့ မနက်ပိုင်း က ဖြစ်ပွားခဲ့တာပါ။
လက်ရှိအချိန်ဟာ ရာသီချိန်ကုန်ဆုံးလို့ ကုမ္ပဏီတွေရပ်နားထားပြီး တနိုင်တပိုင်ရေမဆေးသမားတွေက တူးဖော်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။
ရှာဖွေတွေ့ရှိထားတဲ့ အလောင်း ၄ လောင်းကို ဆန်ခါရွာက မြင့်မြတ်သူ နဲ့ လုံးခင်းရွာက သင်္ဂဟ လူမှုကူညီရေးအဖွဲ့တွေက လုံးခင်းဆေးရုံကို သယ်ယူမှာဖြစ် တယ်လို့ အဲဒီနေရာကို ရောက်ရှိနေတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြေစာပုံပြိုကျမှု၊ ကျောက်တောင်ကမ်းပါးတွေ ပြိုကျမှုတွေကြောင့် မကြာခဏ လူထိခိုက် သေဆုံးမှုတွေရှိနေတာပါ။