ဂျပန်က လှူဒါန်းတဲ့ ခရီးသည်တင်ရေယာဉ်တွေကို မြန်မာစစ်တပ် စစ်ဆင်ရေးမှာ အသုံးပြုနေ

မြန်မာစစ်တပ်ဟာ ဂျပန်အစိုးရကနေ အရပ်ဘက်မှာ အသုံးပြုဖို့ မြန်မာနိုင်ငံကို ပေးပို့လှူဒါန်းထားတဲ့ ခရီးသည်တင်ရေယာဉ်တွေကို ရခိုင်ပြည်နယ်က စစ်ဆင်ရေးတွေမှာ အသုံးပြုနေကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က ထောက်ပြပြီး၊ ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအတွက် မဟုတ်တဲ့ အကူအညီတွေ ပေးပို့တာ ရပ်ထားဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ရာမှာပါဝင်တဲ့ မြန်မာစစ်တပ်အရာရှိတွေကို ပိတ်ဆို့အရေးယူဖို့ တောင်းဆိုလိုက်ပါတယ်။

ဂျပန်အစိုးရဟာ မြန်မာနိုင်ငံအတွက် အရပ်ဘက်သုံး ခရီးသည်တင်သင်္ဘောသုံးစီးကို ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ် အကြားမှာ ပေးပို့လှူဒါန်းခဲ့ပါတယ်။

HRW က ရရှိထားတဲ့ မြန်မာအရာရှိတွေဆီက ပေါက်ကြားတဲ့စာတွေအရ မြန်မာစစ်တပ်ဟာ ဒီသင်္ဘောတွေထဲက နှစ်စီးကို ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရခိုင့်တပ်တော် AA နဲ့ တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်မယ့် စစ်သား ၁၀၀ ကျော်နဲ့ ကုန်ပစ္စည်းတွေကို မေယုမြစ်ထဲကနေ ဘူးသီးတောင်မြို့ကို ပို့ဆောင်ရာမှာ အသုံးပြုခဲ့တယ်လို့ မနေ့ကထုတ်ပြန်လိုက်တဲ့ HRW ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပို့ဆောင်ရေးဝန်ကြီးဆီကနေ ရခိုင်ပြည်နယ် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနဆီကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက် ရက်စွဲနဲ့ ပေးပို့ခဲ့တဲ့ စာတစ်စောင်ကို HRW က ရရှိခဲ့ပါတယ်။

အဲဒီစာထဲမှာ ဂျပန်အစိုးရက လှူဒါန်းထားတဲ့ ကစ္စပနဒီ (၁)နဲ့ ကစ္စပနဒီ (၂) သင်္ဘော နှစ်စီးကို စစ်တွေကနေ ဘူးသီးတောင် အသွားအပြန်ခရီးစဉ်အတွက် အသင့်ပြင်ထားဖို့ မှာကြားထားပြီး စက်တင်ဘာလ ၁၄ ရက်နေ့မှာတော့ စစ်တပ်ရဲ့တပ်သား ၁၀၀ကျော်နဲ့ အခြားထောက်ပံ့ရေးပစ္စည်းတွေကို ဒီသင်္ဘောနှစ်စီးနဲ့ ဘူးသီးတောင်မြို့ကို ပို့ဆောင်ပေးခဲ့တယ်လို့ စာထဲမှာ ပါရှိပြီး ဒီခရီးစဉ်အကြောင်းကို လျှို့ဝှက်ထားဖို့လည်း ညွှန်ကြားထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့မှာ ရခိုင်ပြည်နယ် ရဲချုပ်နဲ့ ရခိုင်ပို့ဆောင်ရေးဝန်ကြီးတွေကနေ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီးဆီကို ပေးပို့ခဲ့တဲ့ စာထဲမှာတော့ ဂျပန်အစိုးရက ပေးပို့လှူဒါန်းထားတဲ့ ခရီးသည်တင်ရေယာဉ်နှစ်စီးကို စစ်ရေး ရည်ရွယ်ချက်အတွက် အသုံးပြုခဲ့တာ မှန်ကန်ကြောင်း အတည်ပြုပြောကြားထားပါတယ်။

အဲဒီစာထဲမှာ ရခိုင်ပြည်နယ်အစိုးရတာဝန်ရှိသူတွေက မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအချက် ၂၅၀ အရ ပြည်နယ်တိုင်း ဒေသကြီးအစိုးရတွေဟာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းဖို့အတွက် ပြည်ထောင်စုအစိုးရကို ကူညီပေးဖို့တာဝန်ရှိတယ်လို့ ပြဋ္ဌာန်းတာကို ထောက်ပြပြီး ဒီသင်္ဘောတွေကို စစ်ရေးအတွက် အသုံးပြုခွင့်ရှိတယ်လို့ အကြောင်းပြထားကြောင်း HRW ရဲ့ ကြေညာချက်မှာပါရှိပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေဟာ ဂျပန်အစိုးရက မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ပေးတဲ့ အကူအညီတွေကို စစ်ရေးရည်ရွယ်ချက်အတွက် တလွဲသုံးနေတာကြောင့် ဂျပန်နိုင်ငံဟာ မြန်မာစစ်ခေါင်းဆောင်တွေရဲ့စစ်ဆင်ရေးတွေမှာ ပါဝင်ကူညီသူ ဖြစ်နေပြီလို့ HRW ရဲ့အာရှရေးရာဌာနက Teppei Kasai က ပြောလိုက်ပါတယ်။