ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ရွာမှာ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ ညနေပိုင်းက ပအိုဝ်း ပြည်သူ့စစ်တပ်ဖွဲ့ (PNO) ရဲ့ ပစ်ခတ်မှုကြောင့် အသက် ၄၀ အရွယ် ခွန်ညွန့်နိုင်ဆိုတဲ့ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ပြီး ဒီနေ့အထိ အလောင်းပြန်မရဘူးလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူက ပြောပါတယ်။
“သူက ဘောလုံးနည်းပြလည်း လုပ်တယ်ဗျ။ ကုမ္ပဏီကားလည်း မောင်းတယ်။ အကုန်လုံးက သူ့ကိုသိကြပါတယ်။ အဲဒီနေ့ညနေပိုင်း ၆ နာရီလောက် ရွာထဲမှာပဲ သူ့အိမ်ပြန်တဲ့အချိန် လမ်းမှာအပစ်ခံရတာ။ ပြီးတော့ သူ့အလောင်းကို ကားနဲ့တင်ပြီး ယူသွားတာ၊ ဒီနေ့အထိ အလောင်းပြန်မရဘူး”
သူ့ကို ကင်းပုန်းဝပ်နေတဲ့ PNO တပ်ဖွဲ့က ပစ်ခတ်လိုက်တာလို့ ဖြစ်စဉ်အခြေအနေ သိရှိသူ ဒေသခံ နောက်တစ်ဦးက ပြောပါတယ်။
"PNO က ရွာလမ်းတွေမှာ ကင်းပုန်းဝပ်နေတာရှိတယ်။ သူက ညနေပိုင်းပြန်တော့ ပစ်လိုက်တာ။ ရှစ်ချက်ပစ်တာ ခုနစ်ချက်ထိသွားတယ်။ အလောင်းကိုတော့ သူတို့ ဘယ်လိုလုပ်လိုက်တယ်ဆိုတာမသိရဘူး"
သူ့အလောင်းကို ကားနဲ့တင်ပြီး ဟိုပုံးမြို့နယ်ဘက်ကို ယူသွားတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသလို ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ တာဝန်ရှိသူ ခွန်ထွန်းရွှေကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာလည်း ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ဆိုက်ခေါင်ကျေးရွာဟာ စစ်ကောင်စီတပ်၊ PNO နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတဲ့ ဆီဆိုင်မြို့နဲ့ ၁၂ မိုင်အကွာမှာ ရှိပါတယ်။
ဆီဆိုင်မြို့ပေါ်မှာ PNLA တပ်ဖွဲ့က တပ်စွဲထားပြီး ဆိုက်ခေါင်ရွာဘက် အခြမ်းမှာတော့ PNO ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်မ ၅၅ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေ၊ ဆီဆိုင်နဲ့ ဘန်းယာဉ် မြို့အခြေစိုက် ခမရ (၄၂၃)၊ ခမရ (၄၂၅)၊ ခမရ (၄၂၆) တပ်ဖွဲ့တွေက နေရာယူထားပြီး ဆီဆိုင်မြို့ကို ပြန်လည်ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်နေတယ်လို့ PNLA ပြောခွင့်ရသူက ပြောပါတယ်။